Tuesday, December 31, 2013

မပြန်နဲ့တော့ဆိုတာတွေ လေထဲပျံသွား

ဘာယူခဲ့ရဦးမလဲ မေးတော့
မင်းညှပ်နေကျ ကလစ်ကလေးယူခဲ့လို့
အူကြောင်ကြောင်ဖြေမိတယ်

စိတ်ကူးကောင်းတယ်ပြောရမလား
စိတ်ရူးပေါက်တယ်ပြောရမလား
အဲဒီ ကွန်ကရစ်လမ်းမကြီးတစ်ခုလုံးကို
ဖုန်တစ်မှုန်မှ မရှိအောင် တံမြက်စည်းလှည်းထားချင်တာ

ဂီတဆန်တဲ့ ရယ်သံတွေ ခရီးမပန်းစေနဲ့
လက်ဖျံကို ဖုံးထားတဲ့ မွှေးညှင်းနုလေးတွေ အိပ်ရေးဝနေပါစေ

ငါက 42.191104 မိုင် အကွာအဝေးကို
ရင်တခုန်ခုန်နဲ့ လာခဲ့မယ်
မင်းက 395.192078 မိုင် အကွာအဝေးကို
ရှက်သွေးတဖြာဖြာနဲ့ လာခဲ့ကွယ်
ကျောက်စာချပ်တွေနဲ့ ခရေပွင့်တွေကြား၊
အိုမင်းမစွမ်းတော့သော နန်းမြို့ရိုးကြီးအနား၊
ရေပြင်ကျယ်ကျယ်နဲ့ သစ်သားစန္ဒယားအိုကြီးလို တံတားပေါ်၊
လက်ညှိုးညွန်ရာ ဦးခိုက်ချင်မိသော ရှုခင်းကို မြင်နေရမယ့်ခုံတန်းလေး၊
ဒါတွေ ထားပါ။ သိပ်ခမ်းနားလွန်းနေသလား။
လမ်း၃၀နားတစ်ဝိုက်က လမ်းဘေးအအေးဆိုင်လေးမှာ
ကျောက်ကျော တစ်ယောက်တစ်ခွက် မှာလို့
ပါဆယ်ထုပ်လာတဲ့ အချစ်တွေ
ကိုယ့်အထုပ်သူဖြည်၊ သူ့အထုပ်ကိုယ်ဖြည် လို့
ခဏလေးဆိုပေမယ့် တစ်ချိန်လုံးငေးနေမယ့်အကြည့်တွေ
အလွမ်းရောင်သန်းနေတဲ့ ဆည်းဆာထဲ
ပိုလွမ်းကြရအောင် အရောင်တွေခြယ်လို့

နားထင်ပေါ်က မှဲ့နက်ကလေးရေ..
ကားမှန်တံခါးကို ပိတ်ထားနော်
ဘယ်လို လေထုဖိအားကိုမှ မခံစားနဲ့တော့
ငါ့ဝင်သက်ထွက်သက်ရဲ့ နူးညံ့သောတိုးတိုက်မှုဟာ
မင်းဘ၀တစ်သက်တာ နိုးထလာတဲ့မနက်ခင်းတိုင်းမှာ
သက်ရောက်ဖြစ်တည်နေတော့မှာမို့ ... ။


ဟိန်း

(၂၇.၁၁.၁၃)

No comments:

Post a Comment