Tuesday, December 31, 2013

နာနာလေးရေး...နာရေး






ငါက အဘိုးမျက်လုံးထဲကို ဓာတ်မီးနဲ့ထိုးတယ်
အထိုးခံရတဲ့မျက်လုံးတွေ ငြိမ်နေပြီး
ဘေးကကြည့်နေတဲ့အဖေ့မျက်လုံးထဲ မိုးရေချိန်လက်မ မြင့်တက်လာတယ်။
အေးစက်စ ပြုနေတဲ့လက်ဖျားလေးတွေကို အဖေဟာ တင်းတင်းဆုပ်ထား
အံကြိတ်ထားတဲ့ယောက်ျားဟာ ခြေဆောင့်ငိုနေတဲ့မိန်းမထက်
ပိုခံစားရတယ်ဆိုတာ အမေက သိတယ်။ သူ အဖေ့ပခုံးကို တင်းတင်းဆုပ်ထား။
သူတို့မျက်ရည်တွေဓာတ်ပြုတဲ့အားဟာ ငါတို့ညီအစ်ကိုတွေဆီ ကူးစက်လို့..
တစ်ယောက်အနာကိုတစ်ယောက်တင်းတင်းဆုပ်ထားရင်းနဲ့ပဲ
မိသားစုဟာ လျော့တိလျော့ရဲ ဆက်လက်ဖြစ်ပွားလျက်။

ငြိမ်သွားပြီ .. ငါတို့အသင်းရဲ့တိုက်စစ်မှူးဟောင်းကြီး ငြိမ်သွားပြီ
ငြိမ်သွားပြီ .. ငါတို့ဘုရားစင်ရဲ့ဗုံးဆံခွံဘုရားပန်းအိုးကြီး ငြိမ်သွားပြီ
ငြိမ်သွားပြီ .. ပင်စင်ရုံးရှေ့မှာ စစ်ဦးထုပ်အဟောင်းလေး ငြိမ်သွားပြီ
ငြိမ်သွားပြီ .. အခန်းတံခါးကြားက တောင်ဝှေးဖြောင့်ဖြောင့်လေး ငြိမ်သွားပြီ
ဒါဆို ငါတို့ ငြိမ်နေလို့မဖြစ်ဘူး။
အဘွားရဲ့ရင်ထဲ ၄၅နှစ်လောက်အမြစ်တွယ်ခဲ့တဲ့ ထပ်တူညီဆက်နွယ်မှုတစ်ခုကို
နာရေးကူညီမှုအသင်းသားတွေဟာ လက်အိတ်တွေစွပ်ပြီး အတင်းဆွဲခွာတယ်။
အဘွားကလည်းအဘွားပဲ၊ သံသရာမှာ ပြန်တွေ့ရင် သိပ်ကြိုက်တဲ့တိုက်ပုံလေးပေးရဦးမတဲ့။
စားမြိန်ထုပ်၊ ကူးတို့ခ၊ လှေကားသုံးထစ်၊ အနောက်အရပ်ကထွက်၊
ရေအိုးခွဲ၊ တရော်ကင်ပွန်း၊ လိပ်ပြာခေါ် စတဲ့ အရေးမပါခြင်းတွေက ကပ်လိုက်လာတယ်။
သေခြင်းတရားဟာ သူ့စရိတ်နဲ့သူ တင်းပြည့်ကျပ်ပြည့်၊
ဒါကို ဘာApplication တွေ ထပ်ထည့်ချင်သေးတာလဲ။
အခုအဘိုးနေရာမှာ နောက်ဆို အဖေဟာလှဲလျောင်းလို့
အဖေ့နေရာမှာ ငါလည်းဆက်လက်လှဲလျောင်းလို့
ပင့်သက်လေးတစ်ချက်ရှိုက်ပြီး ထွက်သွားနိုင်တယ်ဆိုတာ
တော်ရုံတန်ရုံကုသိုလ်ကောင်းမှုမှ မဟုတ်တာလို့
အားလုံးဟာ ဆူညံပွက်လောရိုက်နေပြီး ဘာအသံမှမထွက်ကြ။
မီးခိုးခေါင်းတိုင်ထဲ မီးခိုးမည်းမည်းတွေပြည့်သွားတော့လည်း
ခဏနေရင် ဟောဒီကမ္ဘာပေါ် ပြန်ကျလာတဲ့အမှုန်အမွှားတွေနဲ့ငါတို့ သွေးအေးသွားမှာပဲ။
လေး၊ ငါးနှစ်သား မသိနားမလည်သူ ကလေးတစ်ဦးလိုပေါ့။
မင်းအဘိုးဘယ်မှာလဲ လို့ မေးရင်
ဘိုးဘိုး အိပ်နေတယ်၊ တိတ်တိတ်နေ လို့ ဖြေပါရစေ
ငါတို့ကို ကိုင်းကူးစိုက်ပျိုးပြီး နှင်းတွေကြားထဲတိုးဝင်ပျောက်ကွယ်သွားလိုက်တာ
အဘွားရဲ့နှစ်ယောက်အိပ်ကုတင်ကလေးမှာ
တစ်ခြမ်းတည်း ကွက် အေး နေ လို့ ... ။


ဟိန်း

( 12.11.2013 )

No comments:

Post a Comment