Tuesday, December 31, 2013

ကစားသမား(၁၁)ယောက်ရဲ့နောက်မှာ (၁၂)ယောက်မြောက်ကစားသမားက ကပ်လျက်





ပြေးနေတဲ့ ခြေထောက်မှာ စိတ်ဓာတ်ပါတယ်
တိုက်ပစ်လိုက်တဲ့ ပခုံးမှာ အင်အားပါတယ်
ထွက်သွားတဲ့ ချွေးစက်တွေမှာ ခံယူချက်ပါတယ်
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ပထမပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးဒုတိယပိုင်း(၄၅)မိနစ်၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးအချိန်ပိုမိနစ်(၃၀)၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီးပင်နယ်တီ(၉)လုံး၊
တစ်တိုင်းပြည်လုံးကို ထမ်းပြီး ကစားရတယ်ဆိုတာ
တော်ရုံတန်ရုံဖိအားမျိုးမဟုတ်မှန်း ငါတို့နားလည်တယ်။
သူတို့ ..
အလှပြင်ဆိုင်သွားနေတာ မဟုတ်ဘူး။
အရပ်ထဲ အတင်းလှည့်အုပ်နေတာ မဟုတ်ဘူး။
ကိုရီးယားကားကြည့်နေတာ မဟုတ်ဘူး။
အချစ်ဝတ္ထုဖတ်နေတာ မဟုတ်ဘူး။
သွေးမထွက်တဲ့စစ်ပွဲတစ်ပွဲကို သွေးမပျက်ဘဲ
လက်ခုပ်သံတွေ ကျည်ထိုးပြီး တစ်တောင့်ချင်း တည်ဖြုတ်နေတာ။
အချက်တိုင်းမှာ မြန်မာ ၊ မြန်မာ ၊ မြန်မာ ဆိုတဲ့ အသံက ကပ်လိုက်လာတာ။
ရင်ဘတ်ပေါ်က အလံဟာ နှလုံးသားထဲထိ စိုက်ဝင်အမြစ်တွယ်နေတာ။
တိုင်ထိပြီး ပြန်ထွက်သွားတဲ့ဘောလုံးကို မျက်စိထဲက မထွက်ပေမယ့်
တကယ်ကြိုးစားခဲ့တယ်ဆိုတဲ့အကြောင်း စိတ်ထဲက ပိုမထွက်ဘူး
အသံတွေတိမ်ဝင်သွားပေမယ့် ဆူညံဆဲပါ
ငြိမ်သက်သွားပေမယ့် တုန်ခါဆဲပါ
အတူတူငိုခဲ့ကြပါတယ်၊ ရှိုက်သံတွေ တစ်ထပ်တည်းကျတဲ့အထိငိုခဲ့ကြပါတယ်
ဒါပေမယ့် .. မျက်ရည်တွေကို ချွေးစက်တွေနဲ့ ရောပြီး
အဲဒီမြက်ခင်းပေါ် သွန်ချထားခဲ့..
ငါတို့ ရင်ထဲလာပါ။ ဆက်ကန်ပါ။
ကွင်းထဲမှာ နိုင်ရင် ရွှေတံဆိပ်(၁)ခုပဲရမယ်
အခု ရွှေတံဆိပ်သန်း(၆၀)ရတယ်။
ကျန်တဲ့ပြိုင်ဘက်အသင်းတွေ နားလည်မှာမဟုတ်ဘူး
မြန်မာစကားက နည်းနည်းရှုပ်တယ်
"ဒီပွဲမှာငါတို့ရှုံးတယ်၊ ဒါပေမယ့် ငါတို့နိုင်ခဲ့တယ်" ဆိုတာ။



ဟိန်း

၁၉.၁၂.၁၃

No comments:

Post a Comment