Wednesday, January 8, 2014

About Time ◄ စိုးထိုက် ►



About Time ရဲ့ ထူးခြားမှုတစ်ခုက ရုပ်ရှင်ကြည့်နေရင်းနဲ့ကို ခင်ဗျားရဲ့ စိတ်က အတိတ်က ခင်ဗျား မေ့ဖို့ကြိုးစားနေတာတွေ၊ အတင်းမေ့ထားတာတွေဆီကို ပြန်ခေါ်သွားတာပါ။ ဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်မှာ သာမန်လူထက် ပိုထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိနေတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့်နေရင်း ခင်ဗျားရဲ့စိတ်က အတိတ်နဲ့ ပစ္စပ္ပါန်ကို လူးလာခေါက်တုံ့ဖြစ်နေတာကို သတိထားမိတဲ့အချိန်မှာ ဒီရုပ်ရှင်က ပေးချင်တဲ့ message ကို ခင်ဗျား ရလိုက်ပါပြီ။


ဒီဇာတ်ကားရဲ့ ဒါရိုက်တာက
Four Weddings and a Funeral, Notting Hill, Love Actually, Bridget Jones's Diary စတဲ့ ရုပ်ရှင်တွေကို ဖန်တီးခဲ့သူဖြစ်ပါတယ်။ ရှေ့ကားတွေကို ကြည့်ထားတဲ့သူတစ်ယောက်အဖို့ ဇာတ်လမ်းအစပိုင်းမှာ မကြိုက်ဘူး၊ မမီဘူးလို့ တွေးမိပေမယ့် ဆက်ကြည့်မိတဲ့အခါ အတွင်းစိတ်ထဲက ဘာဆက်ဖြစ်မလဲ သိချင်စိတ်က ပိုများသွားပါလိမ့်မယ်။

About Time က သာမန် အချစ်ဇာတ်လမ်းတစ်ပုဒ်ထက် တော်တော်လေး ပိုပါတယ်။
သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ ညီမအပေါ်မှာ ထားတဲ့ အကိုတစ်ယောက်ရဲ့ မေတ္တာ၊ သမီးအပေါ်မှာ ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ အားလုံးကို ပေါ်လွင်အောင် တင်ဆက်ထားပါတယ်။ ဗြိတိသျှတွေရဲ့ မိသားစုအထဲမှာ တစ်ယောက်ကိုတစ်ယောက် ထားကြတဲ့ ဂရုစိုက်မှုနဲ့ ကြင်နာမှုတွေက ကျွန်တော်တို့ လူမှုအသိုင်းအ၀ိုင်းနဲ့ သိပ်အလှမ်းမကွာတာကြောင့် အမေရိကန်က ဟောလီးဝုဒ်ဇာတ်ကားတွေကို ကြည့်တဲ့အခါမှာ နားလည်အောင် အားထုတ်ရသလိုမျိုး သိပ်လုပ်စရာ မလိုပါဘူး။

ကလေးနှစ်ယောက်ရတဲ့အချိန်မှာ လင်မယားနှစ်ယောက် ကလေးထပ်ယူဖို့ စဉ်းစားကြတဲ့ ဇာတ်ဝင်ခန်းက တွေးစရာတွေ အများကြီးပေးသွားပါတယ်။ အိမ်က ဦးလေးနဲ့ မြို့ပေါ်က အဖေ့သူငယ်ချင်းနေရာမှာ သရုပ်ဆောင်သွားကြတဲ့ ဇာတ်ပို့တွေကလည်း တစ်ခွန်းဆိုတစ်ခွန်း ထိရောက်လွန်းပါတယ်။

လွတ်လွတ်လပ်လပ် ရယ်ပစ်လိုက်ချင်ရင်ပဲဖြစ်ဖြစ်...
စိတ်ထိခိုက်ရလို့ မျက်ရည်ကျချင်ရင်ပဲဖြစ်ဖြစ်...
About Time ကို ကြည့်လိုက်ပါ။

စိုးထိုက်

No comments:

Post a Comment