Wednesday, January 1, 2014

တစ်ခါပဲ မောင်းချိန်လိုက်တယ်၊ ထိုင်ပစ်နေတာ(၃)နှစ်ရှိပြီ



ဘာကိုစောင့်နေတာလဲလို့ လာမမေးနဲ့
ဘာကိုပေးချင်နေတာလဲလို့ လာမမေးနဲ့
ဘာကိုတွေ့ချင်နေတာလဲလို့ လာမမေးနဲ့
ကဗျာကို စောင့်ပြီး
မှောင်နေတဲ့ကမ္ဘာကြီးပေးမလို့
ခင်ဗျားတို့ကို တွေ့ချင်နေတာ။

အများကြီး မိတ်ဆက်စရာလိုမယ်မထင်ဘူး
စစ်ပွဲတွေကို ခင်ဗျားတို့လည်း ဖနောင့်နဲ့ပေါက်..
ကျွန်တော်လည်း တံတွေးနဲ့လိုက်ထွေးနေတဲ့ကောင်ပဲ
ဒီနေရာလာတူနေရင် ပြီးပြီ။

လစဉ်စာဖတ်ဝိုင်းမှာ ခင်ဗျားတို့
စာအုပ်တွေကို ဝိုင်းထိုင်ကြသလိုပေါ့
ကျွန်တော့်စိတ်ကလည်း ခင်ဗျားတို့ကို ထပ်ဝိုင်းထားပါတယ်
အပွန်းအပဲ့များတဲ့ ခေတ်ထဲ
ပလာစတာတကားကားနဲ့ အပြေးအလွှားလိုက်ကပ်ပေးနေသူ
ညီအစ်ကိုမောင်နှမတွေလေ။
တစ်ယောက်ပျော်လို့ တစ်ယောက်မရယ်ဘဲရှိမလား
တစ်ယောက်နာလို့ တစ်ယောက်မငိုဘဲရှိမလား
နိုင်ငံ့မြေပုံပေါ်က ဘယ်နေရာထောက်ထောက်
ပွက်ခနဲထွက်ထွက်ကျလာတဲ့သွေးတွေကို
အလျင်မီအောင် လိုက်သုတ်နေကြဖို့
ကိုယ့်ကိုယ်ကို တာဝန်ပေးထားကြသူတွေပဲ။

ခေတ်ကို ရှောင်ပြေးမယ့်လူငယ်တွေမဟုတ်ဘူး
ခေတ်ကို ဝင်တိုးမယ့် လူငယ်တွေ။
"မင်းတို့ ငယ်ပါသေးတယ်ကွာ"ဆိုတဲ့ လူကြီးတွေကို ပြန်ပြောလိုက်စမ်းပါ
"ခင်ဗျားတို့လည်း ပြန်ငယ်ချင်လို့မရတော့ဘူး"လို့။
ပြီးတော့မှ
ကိုယ့်ကိုလာမထိလည်း နာတတ်တဲ့နှလုံးသားတွေ
ဆွဲထုတ်ကိုင်မြှောက်ပြလိုက်ကြ။
ကမ္ဘာပေါ် အရည်မရအဖတ်မရ ရောက်ရှိလာသူတွေမဟုတ်
ရည်ရွယ်ချက်ရှိရှိနဲ့ လူဖြစ်လာကြတယ်ဆိုတာ။

ဆက်ပစ်.. ကိုယ့်လူတို့။
ဆက်ပြီးသာ ပစ်ကြ။
ကျွန်တော် စခန်းထဲမှာ ပုန်းအောင်းနေရင်း မအော်ဘူး။
ခင်ဗျားတို့ ကတုတ်ကျင်းထဲ အတူတူခုန်ချလာပြီး အော်တယ်
အံကြိတ်ပြီး ဆက် ပစ် ကြ
အမှောင်ကမ္ဘာကို ကဗျာနဲ့ တက်သိမ်းမယ်ဆိုတာကလွဲရင်
ကျွန်တော်တို့အားလုံးဟာ ငြိမ်းချမ်းရေးသမားတွေ။


ဟိန်း

၂၈.၁၂.၂၀၁၃

( P.L.A - ကဗျာချစ်သူများအဖွဲ့ (၃)နှစ်ပြည့်အတွက် ထပ်တူကျခြင်းများစွာဖြင့် )




No comments:

Post a Comment