Wednesday, January 1, 2014

All Is Lost (2013) ◄ မားဆိုး ►




Fucking Life

ကျနော်တို့လူရယ်လို့ဖြစ်လာကတည်းက ကိုယ့်ဖြစ်တည်မှုအတွက် လှုပ်ရှားရုံးကန်ခဲ့ရတာမျိုး ပြန်တွေးဖြစ်မိယင် စိတ်ပျက်နေရဆဲဘဲ။
ငယ်ငယ်တုန်းကဖြစ်ချင်တာ နဲ့ အခုဖြစ်နေတာတွေလည်း တကယ့်ကို သောက်တလွဲချည်းရယ် ။ ဥပမာ ငယ်ငယ်က မာစီးဒီးဘင်ဇ့်လေးစီးချင်တာ ၊ ခုထိ ကား ဝေးလို့ နွားကလေးမှ မစီးနိုင်သေးဘူး ။ ဒီ သောက်တလွဲဘဝထဲ ခရီးနှင်ခဲ့ရာ ကိုယ့်လက်ထဲ မြဲမြံနေလိမ့်မယ်လို့ ယုံကြည်ကိုင်စွဲလာခဲ့တာတွေလည်း တစ်ခုပြီးတစ်ခု လွှတ်ချခဲ့ရတာပါဘဲ ။ ကျောင်းသားဘဝ ဆယ်ကျော်သက်နေထိုင်မှု မိသားစုအသိုင်းအဝိုင်း သဘောတရား ရည်ရွယ်ချက်တချို့ အိပ်မက်တော်တော်များများ အနုပညာ .. စသဖြင့်ပေါ့ ။ ဒီလို လျှောက်နေယင်း သတိရလို့ ကိုယ့်လက်ထဲငုံ့ကြည့်မိယင် အမ်းပတီးဟန်းဒတ်ပဲ ။ ငယ်ငယ်တုန်းကတော့ ဘဝဆိုတာကြီးကို သိပ် မေးခွန်းထုတ်ချင်ခဲ့တာ။ ခုများကျတော့လည်း အသိမှာတောင် အသိမကပ်ချင်လောက်အောင်ဘဲ ။


ဒီလို လွတ်ကျသွားတာတွေ လွှတ်ချခဲ့ရတာတွေအကြောင်းကို all is lost ဆိုတဲ့ ရုပ်ရှင်တစ်ကားမှာ fuck... ဆိုတဲ့စကားလုံးတစ်လုံးကလွဲယင် ဘယ် ဒိုင်ယာလောခ့်တစ်ခွန်းမှမပါဘဲ robert redford က သရုပ်ဆောင်ပြသွားတယ်။

အယင်က လူသားရဲ့ဖြစ်တည်မှုကို မေးခွန်းပြန်ထုတ်တာမျိုး ကျနော်တို့တွေ တော်တော်များများကြည့်ဖူးတာပါဘဲ ။ ဥပမာ tom hanks ရဲ့ cast away လိုမျိုး morgan freeman နဲ့ tim robbins ရဲ့ shawshank လိုမျိုး jim carrey ရဲ့ ဘုရားသခင်တည်ရှိမှု နဲ့ လူသားကံကြမ္မာအပေါ် လူသားလွတ်လပ်ခွင့်အပေါ် စောဒကတက်ပြတဲ့ truman show တို့ forrest gump တို့လိုဟာမျိုးတွေ လွယ်လွယ်မှတ်မိကြမယ်ထင်ရဲ့။

အဲ့သည့်ရုပ်ရှင်တွေကိုလည်း ရူးမတတ် ကျနော်ကြိုက်မိပါရဲ့။ ဒီ all is lost ကို ထွေလာကြည့်ရစဉ်ကတည်းက cast away လို open water လို နောက်ထပ်ရုပ်ရှင်ကောင်းတစ်ကား ထပ်ကြည့်ရတော့မယ်လို့ မျှော်နေမိတာ ။ robert ဆိုတဲ့ဘဲကြီးကလည်း the last castle ထဲကလို သွေးအေးတည်ငြိမ်တဲ့စရိုက်မျိုးမှာ အင်မတန်ပီပြင်တာကိုး။ တကယ်လည်း ကျနော်ကြည့်မိတော့ cast away ကို ကြယ် ၅ ပွငိ့ပေးယင် ဒီကားကို ၇ ပွင့်လောက်ပေးလိုက်ရမယ့်အပေါက်မျိုး။ ကျနော်သာအကယ်ဒမီဘုတ်အဖွဲ့မှာ အာဏာရှင်ဖြစ်ယင် ဒီကားတစ်ခုတည်းကို အော်စကာတွေသိမ်းကြုံးပေးမိမှာအသေခြာပါဘဲ ။

ပင်လယ်ပြင်ထဲ ရွက်သင်္ဘောလေးတစ်စင်းနဲ့ အဖိုးကြီးတစ်ယောက်။ တစ်မနက် သူအိပ်ယာနိုးတော့ ကေဘင်ထဲ ရေဝင်နေပြီ ။ အလန့်တကြား ထွက်ကြည့်တော့ မုန်တိုင်းကြောင့်ကာဂိုသင်္ဘောတစ်စင်းစင်းကလွင့်မြောကျလာတဲ့ ကွန်တိန်နာတစ်လုံးက သူ့လှေဦးကို ဝင်ဆောင့်ထားပြီ ။
သူ ဘာလုပ်မလဲ ။ သူတတ်နိုင်တာ သူလုပ်တယ်။ ရှိသမျှ ရနိုင်သမျှ သစ်တိုသစ်စ အဝတ်စတွေကို epoxy coat တွေ သုပ်၊ လှေနံရံကိုဖာထေးတယ်။ လှေဝမ်းထဲကရေတွေကို ခပ်ထုတ်တယ်။ ရေဒီယိုဆက်သွယ်ရေးပစည်းတွေပျက်စီးသွားပြီမို့ နေပူလှမ်း ပြုပြင်ကြည့်တယ် မရဘူး။ မုန်တိုင်းတွေ လှိုင်းလုံးကြီးတွေကြား ပဲ့ကိုင် ထိန်းသိမ်းတယ်။ တဖြည်းဖြည်းနဲ့ အစာရေစာပြတ်လပ်လာ။ မဖြစ်ညစ်ကျယ်ဖာထားရတဲ့အပေါက်ပျက်စီးသွားတယ်။ မုန်တိုင်းတွေ လှိုင်းလုံးကြီးတွေအောက်မှာ ရွက်တိုင် ကျိုးသွားတော့ ရွက်ကို လွှတ်ချလိုက်ရပြန်တယ်။ သူ့လှေကလေး ရေထဲမြှုပ်တော့မှာမို့ lifeboat ထဲဆင်းပြေးရ။ သူ့သင်္ဘောတစ်စင်းလုံး လက်လွှတ်လိုက်ရပြန်တယ် ။ ရေမရှိ အစာမရှိတဲ့ ပင်လယ်ပြင်ထဲ လူသားတယောက်ရဲ့ရပ်တည်မှုအတွက် ကြံဖန်ပြီး ရပ်တည်ရပြန်တယ်။ ရေဒီယိုဆက်သွယ်မှုမရှိတော့တာမို့ နေထုတ်လှမ်းပြီးတယုတယသိမ်းထားရတဲ့ရေကြောင်းပြမြေပုံနဲ့ သူရောက်ရှိရာအရပ်ကိုတွကိချက်ရပြန်ရော ။ နေ လ လမ်းကြောင်း အီကွေတာတွေကို စာအုပ်ထဲကနေ သင်ယူတွက်ချက် ။ သူ့ အသက်ကယ်ဖောင်ကလေးဟာ ဦးတည်ရာမဲ့မြောလွင့်နေရဆဲ ။

အချက်ပြမီးကျည် ၄ တောင့် သူ့မှာကျန်သေးတယ်။ ကုန်တင်သင်္ဘောကြီးတွေ သူ့ဘေးကနေ ၂ ခါဖြတ်သန်းသွားတုန်းမှာ သုံးလိုက်ရလို့ ၄ တောင့်လုံးကုန်သွားပြီ ။ ဒါပေမယ့် သူ့ဒုက္ခကို ဘယ်သူမှသတိမထားမိ။ ဘာသိဘာသာ ဖြတ်ကျော်သွားကြပြန်ရော။

နောက်ဆုံး ၈ ရက်မြောက်နေ့မှာ စာရွက်လေးတစ်ရွက်ထဲ စာရေးပြီး ပုလင်းသွပ် ၊ ရေထဲမျောလိုက်တယ် ။ ယုံကြည်လောက်စရာအားကိုးမှုမဟုတ်ပေမယ့်ဘယ်လောက်ဘုရားမဲ့ဝါဒီလို့ဆိုဆို တောနက်ထဲက ချောက်တွင်းထဲပြုတ်ကျလို့ ကူကယ်ရာမဲ့လာချိန်မှာ ဘုရားသခင်ရှိလိုရှိငြား တိုင်တည်ဆုတောင်းသလိုပေါ့ သွေးရူးသွေးတမ်း။
အဲ့ဒီညမှာ သူ မျှော်လင့်ချက်မဲ့သွားပြီလို့ ခံယူလိုက်ချိန် ဟိုးအဝေးမှ အလင်းရောင်လေးတစ်မှုန်ကိုမြင်လိုက်တယ် ။ သူ့မှာ ဟစ်အော်နိုင်လောက်တဲ့ အားအင် မဲ့နေပြီ။ အချက်ပြ မီးကျည် မရှိတော့ဘူး။ နောက်ဆုံးမျှော်လင့်ချက်အတွက် ဖောင်ဖျတ်ရတော့မယ်။ သူ ဘာလုပ်တယ်ထင်သလဲဗျ။ သူ့ရေကြောင်းပြမြေပုံတွေ စာအုပ်တွေကို ဆွဲဖြဲပြီး မီးပုံရှို့လိုက်တယ်။ စာရွက်လောင်ကျွမ်းတဲ့အလင်းရောင်ဟာ တစ်ဘက်ကို အကျိုးသက်ရောက်မှု ရှိတယ်မထင်ရပြန်ဘူး။ ဒီတော့ မီးတောက်ကြီးသထက်ကြီးလာအောင် စာရွက်တွေ ထပ်ထည့်ယင်း သက်ကယ်လှေကလေးပါ မီးစွဲသွားပြီ ။ ဒီအချိန်မှတော့ မီးပြန်မငြိမ်းချင်တော့ဘူး ။ လာင်ပလေ့စေတော့ ။ သူ ရေထဲခုန်ချလိုက်ပြီး သက်ကယ်လှေကလေး မီးဟုန်းဟုန်းတောက်နေတာကို စိမ်ပြေနပြေကြည့်နေလိုက်တယ်။ သူ မြင်ခဲ့ရတဲ့ အလင်းရောင်ဟာ အစစ်အမှန်ကယ်တင်ရှင်လား ထင်ယောင်မှားမှုလေလားမသိ၊ သူ့ကို ဘယ်သူမှ လာမကယ်တော့ဘူး။ ဒီပင်လယ်ပြင်ကြီးထဲ တစ်ခုတည်းသောသူ့ရဲ့နောက်ဆုံးဖက်တွယ်ထားရာ အသက်ကယ်လှေကလေးကို စွန့်လွှတ်လိုက်ရပြီးချိန်မှာ သူ့ခမျာ ပင်လယ်ထဲလက်ပစ်ကူးဖို့ရာ အင်အားမရှိတော့ဘူး။ ပြုံပြုံးကလေးပါဘဲ ။ သူ့ ရှင်သန်ခြင်းအတွက် ရုန်းကန်လှုပ်ရှားမှုအားလုံးကို လက်မြှောက်ပြီး ပင်လယ်ပြင် ရေအောက်ထဲ ပြုံးပြုံးလေးဘဲ နစ်မြုပ်သက်ဆင်းသွားလေရဲ့ ။

စကားတစ်ခွန်းမှပြောမသွားဘူး။ ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင် ၂ ဦးဘဲပါတယ် ။ ပင်လယ်ဟာ ဘဝ ၊ ရောဘတ်ရဒ်ဖို့ဒ်ဟာ လူသား။ သူ့နာမည်တောင် ဘယ်သူမှ မသိလိုက်ကြဘူး။ သောက်ကျိုးနဲစိတ်ခြောက်ခြားစရာ ဇာတ်ဝင်သီချင်းနဲ့ စာတမ်းထိုးတဲ့အခါ သူ့နာမည်တောင်မပါခဲ့ ။ our man ~ robert redford တဲ့။

ရုပ်ရှင်စပြပြီး ၁၅ မိနစ်မပြည့်ခင် ရုံထဲက ရုပ်ရှင်ကြည့်သူအားလုံးနီးပါး ထ ထွက်သွားကြပြီမို့ ရုံခါတော့ အာဖရိကန်ချာတိတ် ၂ ကောင်ရယ် ကျနော်ရယ်ဘဲ ကျန်ခဲ့တယ် ။ ကျနော့်မှာ ထိုင်ရာကမထနိုင်သေး။ ပင်လယ်ရေအောက်ကြမ်းပြင်ထဲ လိုက်ပါနစ်မြုပ်သွားတဲ့ ကျနော့်ဝိညာဉ်ကို ပြန်မျှားယူနေတုန်း။ ရုံပြင်ရောက်တော့ အာဖ၇ိကန်ချာတိတ်နှစ်ကောင်ကပြောတယ် ။ ဘယ်လို စောက်တလွဲရုပ်ရှင်ကြီးလဲကွာ... ငါတို့ ၂ နာရီ အချိန်ဖြုန်းမိသွားပြီတဲ့ ။ မင်းရော ဘယ့်နှယ့်လဲမေးသမို့ စကားမပြောနိုင်သေးတဲ့ကျနော်က လက်မ ထောင်ပြလိုက်မိတယ် ။ ဒီကောင်တွေ တော်တော် ရှုပ်ထွေးသွားဟန်တူရဲ့ ။ ကဲ မင်း ဘယ်လိုမြင်လဲ ပြောစမ်းပါဦးလို့ ထပ်ကွန့်ပြန်ရော ။ ဒီ စောက်တလွဲ ဘဝဆိုတာကြီးကို တုန်လှုပ်နေတဲ့ကျနော်က တစ်ခွန်းတည်းပြောပြီး လှည့်ထွက်ခဲ့မိပါတယ် ။ fucking life ပါကွာ ... လို့ ။

မားဆိုး

၂၂၊၁၁၊၁၃

No comments:

Post a Comment