Saturday, January 18, 2014

မပေါက်ကွဲသေးတဲ့ မိုင်းဗုံးများ


Photo

(တစ်)

တစ်ခါက အမှောင်ထုအင်နှင့်အားနှင့် ကြီးစိုး၍နေဆဲ မနက်စောစောကြီးထဲမှာ ကချင်ပြည်နယ်၏အစပ် ဟောင်ပါးဆိုသော ရွာကလေးကနေ ဆယ်ဇင်းတို့၊ တာမခန်တို့၊ ဖားကန့်တို့ကိုဖြတ်ကာ မြစ်ကြီးနားသို့ ပြန်လာခဲ့ဖူးပါသည်။ တောင်ဆင်းတောင်တက်တွေက များမှများ၊ မှောင်ကလည်းမှောင်မို့ တောင်တွေးမြောက်တွေးနှင့် စိတ်အားငယ်နေစဉ်မှာပင် ကားပေါ်၌ အတူပါလာသူ ဒေသခံမိတ်ဆွေက ကားရှေ့မီးရောင်၏အလင်း၌ ပေါ်လာသည့် ကားလမ်းအချိုင့်တစ်နေရာကို လှမ်းပြပါသည်။

“အဲဒါ.. မကြာသေးခင်က မိုင်းကွဲသွားတဲ့နေရာပေါ့”

ကျွန်တော့်ခြေထောက်တွေ ယားကျိကျိဖြစ်သွားပါသည်။ သူက သူ့စကားကိုဆက်၍နေသောအခါ ခြေထောက်တွေ ယားကျိကျိဖြစ်လာရုံမျှသာမက ကိုယ့်ဒူးခေါင်းအောက်ပိုင်းကို ကိုယ်ပြန်စမ်းကြည့်မိသည့်အထိကိုပင်လျှင် ကျောချမ်း၍သွားပါလေသည်။ တိုင်းရင်းသား သားအဖနှစ်ယောက်တို့ မနက်စောစောကြီး ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်ခဲ့ပါလေသတဲ့။ နာရေးဖြစ်သည့် ဆွေမျိုးသားချင်းများရှိရာ ရွာကလေးတစ်ရွာဆီသို့ ခရီးနှင်ခဲ့ခြင်းဖြစ်ပါသတဲ့။ အဖေနှင့်သမီး စကားတစ်ခွန်းစ နှစ်ခွန်းစပြော၍ လာခဲ့စဉ်မှာပင် ကားလမ်းတစ်နေရာ၌ မြှုပ်ထားသည့်မိုင်းကို ဆိုင်ကယ်ကနင်းကာ ၀ုန်းဝုန်းဒိုင်းဒိုင်းပေါက်ကွဲကုန်ခြင်းဖြစ်ပါသည်။

“သမီးလေးကတော့ ပွဲချင်းပြီးပေါ့.. အဖေက ခြေထောက်နှစ်ချောင်းလုံး ဒူးဆစ်ကနေပြတ်ထွက်ကုန်တာ.. ကားမောင်းစားတာလေ.. အခု.. ကားမမောင်းနိုင်တော့ဘူး.. ရပ်ရွာက စောင့်ရှောက်ထားရတယ်”

တိုင်းရင်းသားအချင်းချင်း စစ်ခင်းကြရသည့် ပဋိပက္ခဖြစ်စဉ်ကြီးထဲတွင် သူတို့နှင့်ဘာမှမဆိုင်သည့် အဖေနှင့်သမီးတို့က အသက်နှင့်ဘ၀ကို ပေးလိုက်ကြရခြင်းဖြစ်ပါသည်။


(နှစ်)
မြန်မာနိုင်ငံမှာ မိုင်းက အမျိုးမျိုးအထွေထွေကိုပဲ ကွဲပါသည်။ ရထားလမ်းတွေပေါ်မှာ မိုင်းများကွဲခဲ့ပါ၏။ ကားလမ်းတွေပေါ်မှာ မိုင်းများကွဲခဲ့ပါ၏။ တောစပ်၊ တောင်စပ်၊ လယ်ကွင်းစပ်တွေမှာလည်း မိုင်းများကွဲခဲ့ပါ၏။ တည်းခိုခန်းထဲ၊ အိမ်သာထဲ ဈေးဆိုင်ကနားထဲမှာလည်း မိုင်းများကွဲခဲ့ပါ၏။ အပြစ်မဲ့သူတို့၏ ခြေထောက်အပြတ်များ၊ လက်ချောင်းငုတ်တိုများ၊ အသက်လိပ်ပြာများ အရေအတွက်မနည်းလှတော့။

မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးနှင့်ပတ်သက်၍ သုတေသီတစ်ဦး၏အမည်ကို ကျွန်တော်မှတ်ထားဖူးပါသည်။ မစ္စတာမိုဆာပူအန်စူဝမ်းတဲ့။ သူက ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် အန္တရာယ်အဖြစ်ဆုံး နိုင်ငံငါးနိုင်ငံကို သုတေသနပြုထားပြီးဖြစ်ပါသည်။ ထုံးစံအတိုင်း ကျွန်တော်တို့နိုင်ငံကလေး ပါရရှာပြန်တာပေါ့။

နံပါတ်တစ်က အာဖဂန်နစ္စတန်တဲ့။ နံပါတ်နှစ်က ကိုလံဘီယာတဲ့။ နံပါတ်သုံးက မြန်မာတဲ့။ နံပါတ်လေးက ပါကစ္စတန်တဲ့။ နံပါတ်ငါးက ကမ္ဘောဒီးယားတဲ့။ အချိန်မရွေး မွေးရာပါခြေထောက်တွေ၊ လက်တွေ ပြတ်ထွက်သွားနိုင်သည့်နိုင်ငံများ။ ဒေသတွင်းပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ မတူညီသည့် အယူအဆတွေအတွက် တစ်ယောက်ကိုတစ်ယောက် ထောင်ထားခဲ့သည့် မိုင်းဗုံးများ။ လက်တွေ့နင်းမိကိုင်မိကြသည်က ဘာမှမဆိုင်သည့် အပြစ်မဲ့ပြည်သူများ။

(သုံး)
ဟိုတုန်းက မိုင်းခပ်စိပ်စိပ်ကွဲခဲ့ရာဒေသများနှင့် ကျွန်တော်ရင်းနှီးပါသည်။ ပဲခူးတိုင်းထဲက ညောင်လေးပင်၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ဖြူး စသည်စသည်။

စစ်တောင်းမြစ်ကမ်းပါးက ဒေသတွေကိုလည်း ကျွန်တော် ရင်းနှီးပါ၏။ မဒေါက်၊ ရွှေကျင်၊ ကျောက်ကြီး။ ရွာကလေးတွေကလည်း အများကြီး။ ပဒဲကောတဲ့၊ မဘီးလေးတဲ့၊ မဘီးကြီးတဲ့၊ စွယ်တိန်တဲ့၊ ဘောကထာတဲ့၊ ကော်သာစေးတဲ့၊ ပန်းအင်းတဲ့၊ ဖိုးပိန်တဲ့၊ ရှုခင်းသာတဲ့၊ ကုန်းမြင့်သာတဲ့၊ ဆွေမဟာမြိုင်တဲ့။ ကရင်တိုင်းရင်းသားအများစု ခိုမှီးနေထိုင်ကြရာ ရွာကလေးတွေ။

ကျွန်တော် ထိုဒေသများသို့ရောက်ရှိခဲ့စဉ်က ကိုယ်တွေ့ကြုံခဲ့ရာ အဖြစ်ကလေးတစ်ခုကို အခြေခံ၍ ၀တ္ထုတိုကလေးတစ်ပုဒ်ကိုပင် ရေးခဲ့ဖူးပါသေးသည်။

ကျောင်းဆရာကလေးတစ်ယောက် ကရင်ရွာကလေးတရွာရှိရာသို့ တာဝန်ဖြင့် ရောက်လာသည်။

မူလတန်းပြဆရာအသစ်ကလေး။ အတန်းထဲသို့ဝင်ဝင်ချင်း ဘာစာမှမသင်သေးဘဲ မိတ်ဆက်သည့်အနေနှင့် ဂဏန်းသချာင်္အကြောင်း ဗဟုသုတတွေလျှောက်ပြောနေရာက အမြှောက်အလီဘက်သို့ စိတ်ကူးရောက်သွားကာ ကလေးတို့ကို အခြေခံအလီကလေးတွေမေးသည်။ ကလေးတစ်ယောက်ကို မတ်တတ်ရပ်ခိုင်းပြီး နှစ်အလီမေးတော့ ကလေးဖြေဆိုဖို့ လွယ်ကူစိမ့်သောငှာ ဆရာကလေးက လမ်းကြောင်းပေးသည်။ ဆရာက ကလေးကို လူတစ်ယောက်မှာ ခြေထောက်ဘယ်နှချောင်းရှိသလဲဟု မေးပါလေသတဲ့။ ကလေးက မျက်လုံးကလေး ပေကလတ်ပေကလတ်နှင့် နှစ်ချောင်းဟုဖြေပါလေသတဲ့။ ဆရာက ဟုတ်ပြီဟုဆိုကာ သားတို့အိမ်မှာ လူဘယ်နှယောက်ရှိသလဲကွာဟု ထပ်ဆင့်၍မေးပြန်ရာ ကလေး၏အဖြေက ငါးယောက်။ သည်မှာတွင် ဆရာကအားတက်သွားပြီး အဲဒါ နှစ်ငါးလီပေါ့ကွ သားရ.. ကဲ မင်းတို့အိမ်မှာ စုစုပေါင်း ခြေထောက်ဘယ်နှချောင်းရှိသလဲဟု ဆက်ပြီးမေးချလိုက်ပါတော့သည်။ ကလေးတွေတွေကြီးဖြစ်သွားကာ ဖြေချလိုက်သည်က ရှစ်ချောင်းတဲ့။ လူငါးယောက် ခြေထောက်ရှစ်ချောင်း။ အဖေ့မှာကလည်း ခြေထောက်တစ်ချောင်းမရှိ။ အစ်ကို့မှာကလည်း ခြေထောက်တစ်ချောင်းမရှိ။ သည်တော့ နှစ်ငါးလီရှစ်။ စစ်တောင်းမြစ်ကမ်းဘေးက ကလေးတစ်ယောက်၏သချာင်္။ ဒါကို ကျွန်တော်က ၀တ္ထုတိုလုပ်ပြီး ရေးခဲ့ဖူးခြင်းဖြစ်ပါသည်။

ဒေသခံများနှင့် စကားပြောဖြစ်သောအခါ သူတို့က သည်ဘက်ကရွာတိုင်းမှာ ခြေပြတ်၊ လက်ပြတ်ကတော့မကင်းဘူး ဆရာရဲ့ဟု ရင်ဖွင့်ပါသည်။ ဟင်းသီးဟင်းရွက်ရှာကြ၊ ကျွဲကျောင်းကြ၊ နွားကျောင်းကြ၊ ၀ါးခုတ်ကြ၊ သစ်ခုတ်ကြ၊ တညင်းသီးခူးကြရာက ပေးဆပ်လိုက်ရသည့် ခြေထောက်ကလေးများ၊ လက်ကလေးများ။

မိုင်းထောင်သည်ကတော့ သူ့ဘက်ကိုယ့်ဘက် ထောင်ကြသည်ပဲဖြစ်ပါသည်။ သို့သော် ပဋိပက္ခဖြစ်နေစဉ်မှာရော ဖြစ်ပြီးသွားသည့်နောက်မှာပါ သည်မိုင်းများကို မည်သူကမှ ပြန်ပြီးဖော်သွားလေ့မရှိပါ။ သည်အတိုင်း ပစ်ထားခဲ့ကြခြင်းဖြစ်ပါသည်။ သို့ဖြင့် ဒေသခံလူထုတွေက နင်းမိကြကာ ခြေထောက်တွေ၊ လက်တွေ ပြတ်ထွက်သွားကြရုံသာမက အသက်ကိုပင် ပေးဆပ်သွားခဲ့ကြရခြင်းဖြစ်ပါသည်။

ယခု ကမ္ဘာက မြန်မာနိုင်ငံကို မိုင်းအန္တရာယ်အရှိဆုံး နိုင်ငံငါးခုထဲ၌ နံပါတ်သုံးအဖြစ် စာရင်းတင်ထားပြီးဖြစ်ပါသည်။ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ လုပ်ကိုင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

ပန်းခင်းသောလမ်းပေါ်၌ ကတ္တီပါဖိနပ်စီးကာ ရွှေထီးဆောင်း၍ မလျှောက်လှမ်းရလျှင်လည်းနေပါစေ။ မြက်ခင်းကလေးတို့ ဘယ်ညာတန်းစီကာ မြေသားနီနီနှင့် တောလမ်းတောင်လမ်းက လေးပဲဖြစ်စေဦးတော့ ခြေဗလာနှင့်ပဲလျှောက်ရလျှောက်ရ စိုးရိမ်သောကဗျာပါဒ တစိုးတစိမှမရှိဘဲ ကျွန်တော်တို့တိုင်းရင်းသားတွေ ပျော်ပျော်ပါးပါး လျှောက်လှမ်းသွားစေချင်ပါပြီ။         ။



မောင်သာချို

7Day News
အမှတ်(၄၂)

No comments:

Post a Comment