Saturday, January 18, 2014

ဒေါင်းရောင်နေ မှေးသကို အခိုက်တွင်မှ


Photo


(တစ်)

ဒေါင်းရောင်နေ
မှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ
ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌
အခိုက်အခွင့်မဟန်
အိုကွယ်
ခွေးလိုကိုက်ချင်တဲ့
စရိုက်အကျင့်တန်

ကဗျာ့ပါရဂူငြိမ်းချမ်းရေးဖခင်ကြီး၊ အမျိုးသားစာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၏ မဟာလေးချိုးကြီးတစ်ပုဒ်ထဲမှ ကောက်နုတ်ဖော်ပြလိုက်သည့် စာသားအချို့ပင်ဖြစ်ပါသည်။

နိုင်ငံ့ခေါင်းဆောင်တို့ နာယကဂုဏ်ခြောက်ပါး၊ မင်းကျင့်တရားဆယ်ပါး၊ အပရိဟာနိယတရားခုနစ်ပါးစသည့် ရှေးရှေးကထုံးတမ်းစဉ်လာများအတိုင်း မကျင့်ကြ၊ မကြံကြတော့ဘဲ တစ်ဦးနှင့်တစ်ဦး ခွေးကဲ့သို့မာန်ဖီကာ တိုက်ချင်ခိုက်ချင်၊ ကိုက်ချင်ခဲချင်လာကြသဖြင့် တိုင်းမှုပြည်မှုအနာဂတ်ကို ဆစ်ထုသည့်လုပ်ငန်းများတွင် သိပ်ဟန်မကျလာရာက ဒေါင်း၏အရောင်အ၀ါများ မှေးမှိန်လာရပါပြီဟု ရေးဖွဲ့လိုက်ခြင်းပင်ဖြစ်ပါသည်။

ဒေါင်းဆိုသည်မှာ မြန်မာ၏သင်္ကေတပေပဲပေါ့။ ဒေါင်းရောင်မှေးပြီဆိုခြင်းမှာ မြန်မာတို့၏အရောင်အ၀ါအရှိန်အစော်မှေးပြီဟု ဆိုလိုခြင်းပေပဲပေါ့။ ကမ္ဘာက စော်ကား။ အိမ်နားနီးချင်းတွေက မတော်မတရား။ ပြည်သူလူထုမှာ ဘာမှအပြစ်မရှိ။ တာဝန်ရှိသူက ခေတ်အဆက်ဆက် စီမံခန့်ခွဲခဲ့ကြသည့် အစိုးရဆိုသည့် လူပုဂ္ဂိုလ်များ။


(နှစ်)
အမေရိကန်နိုင်ငံသားတစ်ယောက်ကို စော်ကားခြင်းသည် အမေရိကန်ပြည်ထောင်စုကို စော်ကားခြင်းပင်ဖြစ်ပါသည်တဲ့။ သြော် . . .အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ရတာ လုံခြုံစိတ်ချလိုက်တာ။ နိုင်ငံတော်နဲ့ နိုင်ငံသားက တစ်သားတည်း။

မြန်မာနိုင်ငံအတွင်းသို့ အရိုးကောက်သည့်အဖွဲ့တွေ မကြာခဏလာတတ်ကြပါသည်။ စစ်အတွင်းက မြန်မာ့မြေပေါ်၌ ကျဆုံးခဲ့ကြသည့် သူတို့နိုင်ငံတော်သားများ၏ အရိုးများကို ရှာဖွေစုဆောင်းကောက်ယူဖို့ ရောက်လာကြသည့်သူများ။ အင်္ဂလိပ်တွေ၊ အမေရိကန်တွေ၊ ဂျပန်တွေ။

အမေရိကန်လို နိုင်ငံကတော့ စစ်အတွင်းက ကြွင်းကျန်ခဲ့သည်၊့ ပျက်သွားသည့် လေယာဉ်ပျံများ၊ ၀ှက်ထားသည့် လေယာဉ်ပျံများကအစ ပြန်ရှာဖို့ဟုဆိုကာ ကျွန်တော်တို့ နိုင်ငံသို့ လာရောက်တတ်ကြပါလေသည်။

သြော် . . . လူအရှင်မဟုတ်။ လူသေတွေ၊ အရိုးတွေ။ လေယာဉ်အကောင်းတွေမဟုတ်၊ အဟောင်းတွေ၊ အပျက်တွေ။ ကိုယ့်နိုင်ငံတွင်းက အရင်းအမြစ်တွေကို ကိုယ်ကတန်ဖိုးလေတော့ ကမ္ဘာကလည်း အလေးထားရပေပြီပေါ့။ မထိရဲ၊ မတို့ရဲ၊ မစော်ကားရဲ။

(သုံး)
၂၀၁၃ ခုနှစ်အတွင်းမှာ ပြင်ပကမ္ဘာရောက် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ စိတ်မကောင်းစရာတွေကို တော်တော်များများကလေးကြုံကြရပါသည်။

အနီးဆုံးဖြစ်ရပ်တစ်ခုအဖြစ် ဒီဇင်ဘာ ၂၃ ရက်က အဖြစ်ကိုကြည့်။ မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်က အဖြစ်အပျက်။ မြန်မာနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက်စ၊ နှစ်ယောက်စတို့ ဈေးဝယ်ရင်းနှင့် စကားများကာ ရန်ဖြစ်သည်။ မြန်မာက ကိုယ့်အဆောင်ကိုယ်ပြန်လာကာ ပြဿနာပြီးပြီဟု ထင်ခဲ့သည်။ သို့သော် ပြဿနာကမပြီး။ အင်ဒိုနီးရှားနိုင်ငံသားတွေက အုံနှင့်ကျင်းနှင့် ရောက်လာကြကာ မြန်မာတွေကို ၀ိုင်းဝန်းဆို့ပိတ်ထားလာသဖြင့် သင်္ဘောကျင်းဂိုဒေါင်ကြီးတစ်ခုထဲသို့ ထွက်ပြေးပုန်းအောင်းနေခဲ့ကြရပေရာ မြန်မာ ၉၇ ဦး ပိတ်မိနေခဲ့ကြသည်ဟုဆိုပါသည်။ အလုပ်သွားဖို့ကိုအသာထား၍ အစားအသောက်ကိုမှ ထွက်မ၀ယ်စားရဲကြပါလေတော့။

၂၀၁၃ ခုနှစ်ထဲ၌ပင် မလေးရှားနိုင်ငံ ဆာလာရန်းပြည်နယ်ထဲ၌ မလေးတို့က မြန်မာတို့အပေါ် အကြမ်းဖက်ရန်ပြုလာခဲ့ကြလေရာ MAI လေကြောင်းနှင့် ပထမအကြိမ် ၁၆၇ ဦး၊ ဒုတိယ ၆၇ ဦး စသည်စသည်ဖြင့် ဆရာတော် ဒေါက်တာရှင်ဉာဏိဿရလို ပုဂ္ဂိုလ်များက ကိုယ့်သားသမီးကို ကိုယ့်ရင်ခွင်တွင်းသို့ဆွဲသွင်းခဲ့ရာ ဒီဇင်ဘာ ၂၆ ရက်အထိ အမျိုးသား ၅၆၇၉ ဦး၊ အမျိုးသမီး ၁၂၀၁ ဦး စုစုပေါင်း ၆၈၈၀ ဦး ပြန်လည်ခေါ်ဆောင်လာခဲ့ကြပြီးဖြစ်သည်ကို အများအသိပင်ဖြစ်ပါသည်။

၂၀၁၃ ခုနှစ်ထဲမှာပင် မလေးရှားနိုင်ငံ ပီနန်ကျွန်းတစ်ဖက်ကမ်းရှိ တမန်ပဲလန်ငီးမြို့နယ် ဘာတာဝတ်ဒ်မြို့၌ မြန်မာများကို ရဲကလိုက်ဖမ်းစဉ် ရှစ်ထပ်တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးသူ မြန်မာတစ်ဦး အသက်ဆုံးသည့်သတင်းကို စာဖတ်သူတို့ ဖတ်မိကြလိမ့်မည်ဟုထင်ပါသည်။

မြန်မာအလုပ်သမကလေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ပြီးနောက် အလောင်းကို တည်းခိုနေထိုင်ရာ အဆောင်အနီး၌ လာရောက်စွန့်ပစ်သွားသည့်သတင်း၊ မြန်မာအလုပ်သမားလူငယ်တစ်ယောက်ကို ဆိုင်ကယ်ဖြင့်လိုက်လာကာ ရိုက်နှက်သတ်ဖြတ်သွားသည့်သတင်း စသည်စသည်တို့ကိုလည်း ၂၀၁၃ ခုနှစ်၏ စာမျက်နှာတွေပေါ်မှာ ကျွန်တော်တို့ ဖတ်ခဲ့ကြရပြီးဖြစ်ပါသည်။

ပြင်ပကမ္ဘာရောက် မြန်မာနိုင်ငံသားတို့အပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများကို သက်ဆိုင်ရာနိုင်ငံရှိ အစိုးရများက ဖော်ထုတ်ကာ တရားခံကို ထိထိရောက်ရောက် အရေးယူခဲ့ပါလားဆိုသည်မှာ အမေးထိုက်ဆုံးမေးခွန်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်အစိုးရအနေနှင့်လည်း ပြင်ပကမ္ဘာရှိ ကိုယ့်နိုင်ငံသားတို့ဘက်က မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ခြင်း၊ တောင်းဆိုခြင်း၊ တုံ့ပြန်ခြင်း စသည်တို့ကို ပြတ်ပြတ်သားသားလုပ်နိုင်ခဲ့ပါစ၊ လုပ်ရဲပါစဆိုသည်မှာလည်း အရေးပါသောမေးခွန်းပင်ဖြစ်ပါသည်။

ကိုယ့်အားနည်းချက်နှင့်ကိုယ် အားပျော့နေသော အိမ်ထောင်ဦးစီးတစ်ယောက်၏အိမ်က အိမ်သူအိမ်သားများကို ပတ်ဝန်းကျင်က လူမလေး၊ ခွေးမခန့် လုပ်မြဲလုပ်တတ်ကြသည်မှာ သိပ်တော့မဆန်းလှသောကိစ္စပင်ဖြစ်ပါသည်။ သူတစ်ပါးရပ်ရွာရောက် ကျွန်တော်တို့ သွေးသားတွေ အမြီးကုပ်၊ နားရွက်ကုပ်ပြီး နေလာခဲ့ကြရသည်မှာ သိပ်တော့အကြာကြီးမဟုတ်။ ၁၉၆၂ ခုနှစ်ကနေ ယခုအထိတိုင်အောင်ပါပဲဟု ဆိုထည့်လိုက်ချင်ပါသည်။

(လေး)
၂၀၁၃ ခုနှစ်သည် ပြင်ပကမ္ဘာ၌ မြန်မာနိုင်ငံသားတို့ ညှိုးငယ်ခဲ့ကြရသောနှစ်ဖြစ်ပါသည်။ ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ဘဲ ခွေးလိုကိုက်ကြသဖြင့် ဒေါင်းရောင်တွေ မှေးကြရသောနှစ်။

ဖွဲ့စည်းပုံကောင်းကောင်း၊ အစိုးရကောင်းကောင်း၊ အုပ်ချုပ်ပုံကောင်းကောင်းဖြင့် ဖုန်တထောင်းထောင်းထဲ မြင်းကောင်းဖြတ်ပြေးသလို သည်နိုင်ငံကို တောင့်တင်းအောင် မဆောင်ရွက်နိုင်သရွေ့၊ အချင်းချင်းကိုက်နေသရွေ့၊ ဒေါင်းရောင်က မှေးမြဲမှေးကာ ကျွန်တော်တို့ အစော်ကားခံနေကြရဦးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသားတစ်ယောက်ကို ထိပါးခြင်းသည် မြန်မာနိုင်ငံကို ထိပါးခြင်းဖြစ်သည်ဟုဆိုသည့် အနေအထားမျိုးကိုရောက်ရန် ၂၀၁၄ ခုနှစ်ကစလို့ တည်ဆောက်ကြစေလိုကြောင်း ဆန္ဒပြုရပါသည်။             ။


မောင်သာချို

7Day News
အမှတ်(၄၄)

No comments:

Post a Comment