Wednesday, January 1, 2014

ကြံမိကြံရာ ညီမလေး (၁)



ရှေးလူကြီးတွေရဲ့ စကား
အချိန်စီးလှချည်ရဲ့
နက်ရှိုင်းအားကောင်းလှချည်ရဲ့
ကြံမိကြံရာတဲ့။
ကြံမိကြံရာနေ့ရက်တွေထဲ
ကြံမိကြံရာ အဖြစ်အပျက်တွေထဲမှာပဲ တွေ့ခဲ့သမို့
ကြံမိကြံရာ ညီမလေးလို့ခေါ်လိုက်မယ်
ငါ့ရဲ့ ကြံမိကြံရာညီမလေးရေ….
ကြံမိကြံရာ ညီမလေးရေ
ငါခေါင်းတွေ မူးနေပြီ
အငွေ့တလူလူထွက်နေပြီ
ခေါင်းတွေခြစ်ခြစ်တောက်ပူနေပြီ
ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့
ပျော်ရွှင်မှုဟာ တစ်စက်တစ်လေတောင်ကျမလာဘူး
မီးခလုတ်ကို ဖွင့်လိုက်တော့
ကျေနပ်မှုဟာ မှိန်ပျပျတောင် လင်းမလာဘူး
ဘယ်မှာလဲ ဘ၀ကိုကျေနပ်နှစ်သိမ့်မှု
အင်တာနက်ထဲမှာလား
သန္တာမင်းဆိုတဲ့ ဇိမ်ခံအပျော်စီး သင်္ဘောပေါ်မှာလား
တောင်ပေါ်အပန်းဖြေစခန်းက ကာစီနိုခန်းမထဲမှာလား
ပထမတန်းစား ရေမွှေးပုလင်းလှလှတစ်လုံးထဲမှာလား
မင်းလည်း ဖန်အိုးထဲက အလှမွေးငါးတစ်ကောင်မဟုတ်ခဲ့
ငါလည်း ရွှံ့နွံထဲကို တိုးဝင်နေတဲ့ ငါးရှဥ့်တစ်ကောင်မဟုတ်ခဲ့
ငါ့ရဲ့ ကြံမိကြံရာ ညီမလေးရေ
ငါဟာ အသဲကွဲ ရဲဘော်ဟောင်းတစ်ယောက်ပါ
ငါဟာ ကြည့်မှန်တစ်ချပ်ပေါ်မှာ
ကိုယ့်မျက်နှာကို ကြက်ခြေခတ်ခဲ့သူပါ။
ဝိုင်မဖြစ်တဲ့ သစ်သီးဟာ
ရှာလကာရည်လည်း ဖြစ်မလာပါဘူး တဲ့
တရုတ်ပြည်နဲ့ အဝေးကြီးမှာ ရောက်နေတဲ့
တရုတ်ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာမှာ ဖတ်ရတယ်။
မင်းအတွက် သွေးသန့်ဆေးလိုအပ်သလား
ငါ့အတွက် အားဖြည့်ဆေးလိုအပ်သလား
ငါမစဉ်းစားတတ်တော့ဘူး
ကြံမိကြံရာ ညီမလေးရေ
ငါ့ရဲ့ ကြံမိကြံရာ ညီမလေးရေ
မင်းရဲ့ မျက်ခုံးမွေးထူထူကို လွမ်းတယ်
မွေးညင်းနုလေးတွေနဲ့ လက်မောင်းလှလှကို လွမ်းတယ်
မင်းရဲ့ ကျန်းမာသန်စွမ်းတဲ့
ကိုယ်ကာယတစ်ခုလုံးကို လွမ်းတယ်
ပြီးတော့ အရှေ့တီမောကို လွမ်းတယ်
မလက္ကာရေလက်ကြားကို လွမ်းတယ်
ဆူမတြားကျွန်းပေါ်က
လောင်ကျွမ်းသွားတဲ့ တောအုပ်တွေကို လွမ်းတယ်
ကျေးငှက်တွေရဲ့ ချစ်စဖွယ်ဂီတသံကို
လေးလေးစားစားနားထောင်တတ်တဲ့
မင်းတို့ရဲ့ ယဉ်ကျေးမှုကို လွမ်းတယ်။

လှသန်း

ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့

No comments:

Post a Comment