Sunday, January 12, 2014

ကျွန်မ လာပြီ ၊ လာပြီ ကျွန်မ

ကံ့ကော်တွေ နောက်ပြန်ဆုတ်ပွင့်ကြ ကျွန်မလာပြီ။
စိန်ပန်းတွေ ရဲရဲရှေ့ပြန်တက်ပွင့်ကြ ကျွန်မလာပြီ။
အရှက်နဲ့ သိက္ခာတွေ ဒီအလံပေါ်ပြန်လေလွင့်ကြ ကျွန်မလာပြီ။

ပြင်သစ်ပြည်ကြီးက ဂျုန်းအော့ဖ်အတ် လား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
အီဂျစ်ဘုရင်မ ကထီယိုပက်ထရာလား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
ရုရှားပြည်က
မဟာကက်သရင်းဘုရင်မကြီးလား
မဟုတ်ပါဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်ပါ။
ဟေ့ အင်္ဂလန်က
အဲလိဇဘတ်ဘုရင်မကြီး
မဟုတ်ဘူး
မြန်မာပြည်က အောင်ဆန်းစုကြည်။

မတူရင် တူအောင်တုကြမယ် မတူရင် တူအောင်ညှိကြမယ် လာကွယ့်
ခွပ်ဒေါင်းလို ကြော့ကြော့မော့ ရော့မသွားဘူး ပဲ့မသွားဘူးကွဲ့။

မကြားရင် ကြားအောင်ရှေ့တိုးလာခဲ့ကြ အသစ်တွေ မင်းတို့ရှာနေတဲ့အသစ်တွေ
အသစ်တွေအတွက် အသစ်တွေ လာနားထောင်ကြ။

နောက်မရှိတော့ဘူးလို လက်ဖြတ်ကြေး ငါလောင်းခဲ့တဲ့ ကွင်းဖဲတစ်ချပ်။

ကြောက်စရာအကောင်းဆုံးက အကြောက်တရားလို့
ပြောလည်းပြော ချီလည်းတက်သွားတဲ့ လှိုင်းလုံးကြီး
ကျောက်ဆောင်တွေကိုဖဲ့ချ ခေါင်းနဲ့ဝင်ဆောင့် ဖျန်းကနဲပါးရှစ်စိတ်ကွဲသွားဖို့။

ပျော့ညံ့တာမဟုတ်ဘူး ပျော့ပြောင်းတာပါလို့ ပြောပြီး သက်တံ့ကိုလေးကိုင်း
လေးကိုင်းကို သက်တံ့လိုကစားနေတဲ့ မိန်းမလှ ၊ ကိုငှက်ရေ (ရာဇ၀င်များရဲ့သတို့သမီးဗျ)။
အသုံးချပါ
စစ်မဖြစ်ဘူးဆိုရင်
အသုံးချပါ
ငြိမ်းချမ်းရေးရမယ်ဆိုရင်
အသုံးချပါ
ကမ္ဘာမှာ မြန်မာဟေ့လို့အတိအကျကြွေးကြော်နိုင်မယ်ဆိုရင်။

ခု ကမ္ဘာထဲကကမ္ဘာတွေ ဆုထဲကဆုတွေ စုပြီး စုဆီဝင်လာကြ။

ဒါကြောင့်ငါတို့ အနှစ် ၂၀ ဟာ အဲ့ဒီရွှေရည်စိမ်ကြီးထက် အရမ်းတန်ဖိုးရှိ
ငါတို့စောင့်သလို အနှစ် ၂၀ ကျော် ကမ္ဘာကစောင့်ခဲ့တာလည်း တန်ဖိုးရှိ ။

တဖြေးဖြေးရင့်ကျက်လာတဲ့ဓါးတစ်ချောင်းဟာ
သွေးတစ်စက်မစွန်းပဲ ငါတို့ရဲ့ဧည့်ခန်းနံရံ ဓါးအိမ်ထဲမှာကျကျနန ထိုင်နေသလိုပေါ့ ။

အူဟောင်းလောင်းဖြစ်နေတဲ့ တိုင်းပြည်ရဲ့ စပါးကျည်ကိုဖြည့်ဖို့
အမှောင်ထုကြီးပိကျနေတဲ့ တိုင်းပြည်ရဲ့ညာဏ်ပညာကို နိုးဆွဖို့
ဘယ်သူမှ ဆေးဖော်ကြောဖက်မလုပ်ချင်တဲ့
ငါတို့ရဲ့အောက်ကျနောက်ကျတွေကို အလင်းရောင်ထဲ ဆွဲတင်ဖို့
သူရောက်လာတယ်
ကြောက်စရာ အနာဖှေးကြီးကိုလျှာနဲ့ထိုးလျှက်လို့
ခုတော့ အဲ့ဒီအထဲမှာ နေကြာပန်းတစ်ပွင့်လို ထပွင့်လို့ ။

ကျွန်တော်က
မကြုံဘူး မသိဘူးပဲ သူ့ပုံနဲ့တီရှပ်ကို ကျည်ကာတစ်ထည်လိုဝတ်ထားတယ်။
ကျွန်မက
မမြင်ဘူး မတွေ့ဘူးပဲနဲ့ သူ့အကြောင်းကို ဘုရားစင်ရှေ့သယ်သွားတယ်။
ဘာပဲဖြစ်ဖြစ်
သူရှိနေတာနဲ့တင် ပျော်နေရတာကိုက တစ်ဝက်ချမ်းသာနေပြီ။
ဘာပဲဖြစ်ဖြစ်
အမေ အမေနဲ့အာခေါင်ခြစ်အော်နေရတာကိုက တစ်ဝက်လွတ်လပ်နေပြီ။

သူကပြောတယ်
ကိုယ့်ဘ၀ ကိုယ်သာ သခင်
ကိုယ်သာ ကိုယ့်ဘ၀ရဲ့ ခေါင်းဆောင်
မိမိကိုယ်တိုင်ဟာ မိမိနိုင်ငံရဲ့ခေါင်းဆောင်းပဲတဲ့။

ဘုရားကလည်းပြောခဲ့တယ်
ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ခြင်းဟာ သူတစ်ပါးကိုစောင့်ရှာက်ခြင်းမည်၏တဲ့။

သူကတရားကိုလည်းသိတယ် ဓားကိုလည်းသိတယ်
သူကမေတ္တာအကြောင်းလည်းပြောတယ်
သူကသစ္စာနဲ့ ကရုဏာတရားများအကြောင်းလည်းပြောတယ်
ငါတို့ခိုးသူတို့လက်ကလွတ်မြောက် ကျောင်းသင်္ခန်းထဲရောက်ခဲ့တာ သေချာသွားခဲ့ပြီ။

သူ့သစ္စာက နွယ်မြက် သစ်ပင်တွေကို ဆေးဖက်ဝင်စေခဲ့ပြီ။

သူနဲ့ပတ်သက်ရင် အိမ်တွေက လူတွေကို မထိန်းချုပ်နိုင်ဘူး
သူနဲ့ပတ်သက်ရင် မောလွန်း နာလွန်းလို့ နားမယ်ကြံတဲ့လမ်းမတွေ အနားမရခဲ့ဘူး
သူနဲ့ပတ်သက်ရင် ပိတောက်တွေကလည်း အချိန်အခါမဟုတ်ထပွင့်လို့
သူနဲ့ပတ်သက်ရင်
ပတ်သက်မိသမျှ လျှပ်စီး
အနည်းဆုံးဒီအမှောင်ကြီးထဲ ဓါတ်မီးတစ်လက်လိုလင်းပြီးသွားကြတော့တာပဲ။

ကျွန်တော်တို့အလိုရှိသလို ကမ္ဘာကလည်းသူ့ကိုအလိုရှိခဲ့
သူဟာ အသေးဆုံးအက်တမ်တစ်ခုကနေ
ကျွန်တော်တို့အတွက်တော့ အကြီးဆုံး Big Bang ပေါက်ကွဲမှုကြီးတစ်ခုပဲ။

ခုဆို သူ့အကြောင်း
ကလေးတွေ စာစီစာကုံး ကောင်းကောင်းရေးလို့ရပြီ။

ဟေ့ သူမဟာ
အိုအေစစ်လေးပဲ ငါ့အပူတွေချွတ်ချလိုက်လို့ရပြီ။

ဟေ့ အရက်မူးပေမယ့် မဲမမူးဘူးကွ သူမှသူပဲ
ယုံကြည်မှုတွေ တည်ဆောက်ခဲ့ပြီးပြီ။

ခန္ဓာတစ်ခုလုံး သူ့မျက်နှာနဲ့သူ့နံမည်ကို ဆေးမင်ကြောင်ထိုး
လောကကြီးထဲ ကျွမ်းပစ်ဝင်ခဲ့တဲ့ ချာတိတ်တွေလည်းရှိနေပြီ။

အဲ့ဒီလို တက်တူးများ သွေးမခြောက်ခင်
ဗိုလ်ချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်အတွက် ကျွန်တော်တာဝန်ကျေခဲ့ပြီဆိုတဲ့
လူတစ်ယောက်ကိုလည်း ကျွန်တော် တွေ့ခဲ့ဖူးပြီ။

ဘ၀မှာ ကျွန်တော်တို့ ဆရာဝန်ဖြစ်ခဲ့ကြတယ်
စာရေးစာချီ အင်ဂျင်နီယာ စစ်သားနဲ့ကျောင်းဆရာ ကဗျာဆရာနဲ့စာရေးဆရာတွေ ဖြစ်ခဲ့ကြတယ်
လိမ်ဖယ်လိမ်ဖယ် တစ်ကယ်ပါ
ကျွန်တော်ဟာပညာတတ် အဲ့ဒီလို ကမ္ဘာကိုကျိန်တွယ်ပြောဆိုခဲ့ကြတယ်။

ဒီကနေ့တော့
ကျွန်တော်တို့ဟာ တစ်ယောက်နာမည်တစ်ယောက် အတိအကျ ခေါ်ရဲခဲ့ကြပြီ။
ဒီကနေ့တော့
ကျွန်တော်တို့ဟာ တစ်ယောက်လက်တစ်ယောက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လို့ ရဲခဲ့ကြပြီ။
ဒီကနေ့တော့
ကျွန်တော်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မ၀အောင် ချစ်ခဲ့ကြရပြီ။
ဘယ်သူ့ကြောင့်လည်း
အသံတွေပြန်ရှာ အရုပ်တွေပြန်ဆက် အလောင်းတွေပြန်ကောက်
ကျေးဇူးတင်ပါတယ်
ဒါကို  ဘယ်စကားလုံး ဘယ်သင်္ကေတ ဘယ်နိမိတ်ပုံနဲ့ Modify လုပ်မလဲ
ဒါဟာ The Lady
ဒါဟာ The New Blood
ဒါဟာ ကျွန်တော်တို့ရဲ့တစ်ကယ့် Icon အစစ်
ဒါဟာ ရုဒ်ရပ်ဒ်ကစ်ပလင်းရဲ့ If ကဗျာလည်းဖြစ်တယ်
ဒါဟာ အိမ်ကလေးတစ်လုံးဆီ
တရွေ့ရွေ့ရောက်အောင်သွားနေတဲ့ ခရစ္စတီးနား ရဲ့ကမ္ဘာလည်းဖြစ်တယ်။

ဘယ်လိုလည်း ခင်ဗျားပျော်တယ်မဟုတ်လား
ဟုတ်ကဲ့ပျော်တာမှ မသောက်ခင်က မူးနှင့်ပြီ
ဟုတ်ကဲ့ပျော်တာမှ မသွားခင်က ရောက်နှင့်ပြီ။

ဟုတ်ကဲ့ပျော်တာမှ
လက်ထိပ်တန်းလန်း ခြေသံကွင်းတန်းလန်း တရမ်းရမ်းအသံတွေကတောင်
နံရံတွေကိုဖေါက်ထွက် သူမရှေ့ရပ်နေပြီ။

အမေလာမယ်ဆိုလို့
ဒီနေ့ပါးမှာ သနပ်ခါးမလိမ်းပဲ ခွပ်ဒေါင်းအရုပ်ကလေးတွေ ကပ်ထားတယ်။
အမေလာမယ်ဆိုလို့
ဒီနေ့ခေါင်းနဖူးမှာ ဟစ်ဟော့ ရှာထိုးဦးထုပ်တွေဖြုတ်
ဒေါင်းတံဆိပ် ပုဝါတွေစည်းပြီးအုပ်ထားတယ်။

လူငယ်တွေက
ဒါကပိုမိုက်တယ် နီတယ် ရဲတယ် တက်ကြွလှပပြီး အိုးဝေ အိုးဝေနဲ့ အသံသာတယ်တဲ့။

အဖိုးတွေအဖွားတွေက
ငါတို့ဟာ သူအတွက် နောက်ဆုံးညစာဖြစ်ပါစေ ငါတို့ အရောက်လာပါပြီတဲ့
ဒီလို အိမ်တွေထဲက ပြေးထွက်လာကြ။

ဟေ့ ရွှေရည်စိမ်လွတ်လပ်ရေးကြီး ပြေးတော့လေဗျာ
ဟေ့ ရွှေရည်စိမ် ရွှံ့တုံးကြီး ပြေးတော့လေဗျာ

ဟေ့ ကချင် ကယား   မွန် ရခိုင် ကရင် ရှမ်း ကဗျာတစ်ပုဒ်ထဲ ၊
ပန်းချီကားထဲမှာ တစ်ချပ်တည်း ၊  ကီးတစ်ခုထဲမှာ သီချင်းတစ်ပုဒ်ထဲ
အမေလာပြီ တစ်ခေတ်တစ်ယောက် ဒုလ္လာဘကြီးနဲ့ အမေလာပြီ။

ကြိုကြ ချယ်ရီ ပိတောက် တောင်ဇလပ်ပန်းတွေ သဇင်တွေဝေလို့ အမေလာပြီ။

တရားမျှတမှုနဲ့ အနာဂတ်နိုင်ငံတော်
သူ့အကြောင်းပြောတာဟာ ဘုရားစကားနားထောင်လိုက်တာပဲလို့ ဒီကဗျာနဲ့ကျွန်တော်ပြောလိုက်ပြီ။ ။

ခရမ်းပြာထက်လူ

ကဗျာ အဆုံးသတ် ၊ ၂၀၁၄ ၊ဇန်န၀ါရီ

No comments:

Post a Comment