ကားပေါ်ကဆင်းလိုက်ပြီဆိုကတည်းက
သူမခန္ဓာတစ်ခုလုံး မြစ်တစ်စင်းလို
ကွေ့ကောက်ထားတယ်
မျက်လုံးတွေကမှ တဆင့် အကြည့်
အကြည့်တွေကမှ တဆင့် ယူနီဖောင်း
ယူနီဖောင်းမှ တဆင့် အရေပြားအသွေးအသား
စိတ်နဲ့ပစ်မှားလို့ ကံတွေထိုက်လေ
ဒီညလေး တွက်ချေကိုက်လေလေ
လင်တယောက်ကိုခင်တွယ်သလို
လျှာတွေကိုအကျင့်လုပ်ထားရတယ်
အဖေအရွယ်တယောက်ကို အစ်ကိုကြီးခေါ်ရတိုင်း
နက်ဖြန်နံနက်ကျောင်းတတ်မယ်ဆိုတဲ့
ညီမလေးရဲ့ ကဗျာရွတ်သံက
အရှက်ကင်းဖို့ တွန်းအားတွေ
ဒူးအထက်က စကတ်တိုလေးရယ်
အကောင်းဆုံးကာကွယ်သူပဲ
ရယ်သံလေးတွေချခင်းလို့
ခါးလေးကိုကိုင်းလိုက်တိုင်း
ရင်ညွှန့်အထက်က လော့ကတ်သီးလေးဟာ
အားထားရတဲ့ ကိုးကွယ်ရာ
ပါးပါးလေးဆိုတော့ အေးတာပေါ့
ခဏပါပဲ
မထိတထိနဲ့ ထိချင်တဲ့စကားတွေ
မညှိတညှိနဲ့ ညှိချင်တဲ့ လက်တွေ
ထွင်းဖောက်မြင်နေကြသလို
မမူးခင်တုန်းကလည်း သူတို့သွေးဆူ
မူးသွားလည်း သူတို့သွေးဆူ
သူမဖွံ့ဖြိုးထားရသမျှိ
သူမဖွင့်လှစ်ထားရသမျှ
မကစားလည်း ရယ်သံလွင်လွင်လေးတွေ
ချန်ချန်ထားပေးရတယ်
ကျားတွေကို ကျားကိုက်ခိုင်းရတာ
လက်မောင်းသားပေါ်ကသွေးကြောလေးတွေ
နိုင်လိုမင်းထက် ပြုခံရတာ
ချိန်ထိုးပြီး တန်ဖိုးဖြတ်ကြည့်လိုက်တိုင်း
အသားမှ ပဲ့ပါသွားတာမဟုတ်ဘူးဆိုအတွေးနဲ့
ဦးရေ ထပ်ယူဦးမှာလား ။
မောင်ဖြိုးဝေ
No comments:
Post a Comment