Wednesday, January 1, 2014

သက်ရှိကဗျာ



ဟောဒီကမ္ဘာကြီးကို
ဂေါက်သီးရိုက်သလို ရိုက်ပစ်လိုက်ချင်တယ်

မိုက်ရူးရဲရဲ့ အားကစားစိတ်ဓာတ်
ဂလူးကို့စ်နဲ့ လရောင်ကိုရောပြီး
အကြောထဲဆေးထိုးသွင်းချင်တယ်

အာဟာရကိုတန်ဖိုးထားသူ
အပြစ်ရှိတဲ့ လူကြီးတွေက
အပြစ်မဲ့တဲ့ ကလေးတွေကိုမွေးကြတယ်

ခန့်မှန်းရခက်တဲ့ မျိုးဆက်တွေ
ကာမဂုဏ်ခံစားသလို
ရမ္မက်အပြည့်နဲ့ ကဗျာတစ်ပုဒ် ရေးချင်တယ်

မဓာတ်မဲ့တဲ့ညမှာ
စာကြွင်းစားကျန်အဖြစ်
ဒီခေတ်ကြီးကိုထားခဲ့ရမှာအားနာတယ်

ကမ္ဘာ့မြေပုံကိုပုံသေမတွက်နဲ့
မိန်းမတွေထက်ပိုပြီးမိန်းမဆန်တဲ့
မိန်းမအတုတစ်ယောက်နဲ့ ဆက်ဆံရသလို
အနုပညာဆိုတာကိုလည်းသဘောပေါက်ခဲ့ပါပြီ ။ ။

လှသန်း

ကြည်မောင်သန်းကလောင်ဖြင့်ရေးခဲ့

No comments:

Post a Comment