Sunday, January 12, 2014

မဦးမချွတ်အနမ်း ◄ လွန်းဆက်နိုးမြတ် ►

အထီးတည်း ဖြစ်မှုရဲ့ ပေါင်မုန့်တစ္ဆေခြောက်လှန့်ရာ နေ့ခင်းနေ့လယ်ဝါကျတွေပြည့်လျှံသွားသည်ထိ
မိုးဟာ လည်ကုတ်သားဖွေးဖွေးကလေးပေါ်ကနေတဆင့် နားရွက်တွေဆီ မနားတမ်းရွာသွန်းတယ်
တ၀ုန်းဝုန်းနဲ့ဆိုတော့ နင်ငုံ့ရှောင်ချိန်တောင်မရလိုက်ဘူးမဟုတ်လား နှုတ်ခမ်းတွေပေါ် ချော်လဲရောထိုင်
လိုက်လေ ပြီးပြီးရော မလုပ်နဲ့ဟယ် ငါခက်တယ် လျှာရင်း လျှာဖျား လျှာဘေးသားတစ်လျှောက်
လေတွေကြမ်းလာတယ် လေနဲ့အတူ ကြယ်တံခွန်တွေပါလာတယ် ပင်လယ်မှာ အပျော်တမ်းလှိုင်းစီးရ
သလိုပဲကွာ နေကြာစေ့ခွံကလေးကို ရှေ့သွားကလေးနဲ့ ဖောက်ခနဲဖောက်လိုက်တယ် မြည်သံစွဲတွေ
ထည့်ဖျော်စပ်ဖို့လည်း မေ့မပစ်ရဘူးနော် မီးရောင်စုံညကလေးထဲ စိတ်ကူးတစ်ခြမ်းကျွံဝင်ကျသွားတာ
ကော်ဖီခွက်ကလေးကို မသောက်ခင်မှာ တဖူးဖူးမှုတ်ဖို့ ရှေ့တိုးထွက်လာတဲ့ နှုတ်ခမ်းဟဟလေးတစ်စုံ
စိုလက်နေတဲ့ မှန်ပြတင်းတွေပေါ် မိုးရေစက်တွေ ယိုစီးကျနေတုန်းပဲရှိသေးတယ် လှိုက်ဖိုမောလာတယ်
အမြင့်တစ်နေရာကနေ ဟိုးအနက်ရှိုင်းဆုံးအောက်ခြေဆီ တစ်ရှိန်ထိုးပစ်စလတ်ခတ်ပြုတ်ကျသွားပုံမျိုး
အပေါ်သွားကလေးနဲ့ အောက်နှုတ်ခမ်းကို ခပ်ဖွဖွဖိကိုက်ပြလိုက်တာ ငါဖျားသွားတယ် အတည်ရွာမလို
ရွာမလိုနဲ့ မီးရှူးမီးပန်းတွေပစ်ဖောက်ပြီး နင်ပျော်ရွှင်သွားတဲ့ ပန်းချီကားလေး ငါငေးနေလိုက်တယ်
တစ်ကွေ့ကွေ့မှာ ပက်ပင်းလွဲချော်သွားပြီးနောက် မြို့တွေ ရွာတွေလည်း သိမ်းပိုက်ခံထားရပြီးပြီပဲ
နင်ဘာတွေလိုအပ်နေသေးလဲ သက်တံ့ကိုင်းကို မမှီမကမ်း လှမ်းဆွဲချလိုက်လို့ ငါ့အပေါ် ဖြူနီပြာဝါတွေ
ဖြန်းခနဲ ရောင်စုံလာစင်တယ် တကယ်ပါ ငါက ဒီကိစ္စမှာ အရိုင်းပါ ဘယ်ပုံစရွာသွန်းရမယ်မသိခင် အဖျား
ရှူးသွားတယ် နေပြန်ပွင့်လာတယ် ရွှံ့နွံထဲ ကြယ်တွေ ပြန်ဝင်တာ မြင်တော့မှ ရှုံးနိမ့်ပြီးမှန်းသိတော့တယ်။  

လွန်းဆက်နိုးမြတ်

No comments:

Post a Comment