Saturday, January 18, 2014

မြစ်ကလည်းရွှေ မြေကလည်းဇမ္ဗူရစ်

Photo



(တစ်)
မြစ်ဆုံသို့ ပထမဦးဆုံးအကြိမ် ကျွန်တော် ရောက်သွားဖြစ်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီကြည်စိုးထွန်း၊ ဆရာချစ်ဦးညိုတို့နှင့်အတူ ရောက်သွားဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ သည်တုန်းကဖြင့် မြစ်ဆုံသည် လွမ်းဖို့ကောင်းတုန်း။

မြစ်ဆုံ...တဲ့။ ဟုတ်ပါသည်။ မြစ်နှစ်ခု လာရောက်ပေါင်းဆုံသောနေရာမို့ မြစ်ဆုံလို့ နာမည်ပေးလိုက်သည်မှာ တော်တော့ကို လွယ်ကူရိုးစင်းပါသည်။

မြစ်ဆုံကို ကချင်တို့က ခမဇွပ် (Kha ma zup)ဟု ခေါ်ပါသည်။ မလိခ(Ma Li Kha)ဆိုသော မြစ်တစ်စင်းနှင့် အင်မိုင်ခ (n maikha)ခေါ် မေခဆိုသည့် မြစ်တစ်စင်းတို့ ပေါင်းဆုံမိကြရာက သည်နေရာမှာ မြစ်ဆုံဟူ၍ ဖြစ်လာခဲ့ရခြင်းဖြစ်ပါသည်။



မြစ်ကြီးနားမြို့ကနေ မြောက်သို့ မိုင်နှစ်ဆယ်ခန့် ဆန်လိုက်လျှင် တန်ဖရဲကျေးရွာသို့ ရောက်ပါသည်။ တန်ဖရဲကနေ ငါးဖာလုံအလွန်တွင်ကား မြစ်ဆုံက ကျွန်တော်တို့ကို စောင့်ကြိုလျက်ရှိပါသည်။ သည်နေရာတွင် အင်ခိုင်ဘွမ်တောင်ကြီးက ပြာလို့မှိုင်းလို့။ ဧရာဝတီမြစ်ကြီး၏အစ မြစ်ဆုံဒေသကို ငုံ့ကိုင်းကာကြည့်လို့။ မြစ်ဆုံတစ်ဝိုက်ကရသော ကျောက်ဘီလူးငါးကင်ကြီးတွေက လတ်လတ်ဆတ်ဆတ်။ တစ်ပိဿာကိုတစ်ထောင်ဟု ကချင်မလေးခေါင်ညွယ်က ကျွန်တော့်ကို ရှင်းပြပါသည်။ နောက်တော့ ကချင်ရိုးရာခေါင်ရည်။ ဒေသအခေါ်က “စပ” တဲ့။

သည်တုန်းကဖြင့် သည်နေရာမှာ ဧရာဝတီက ကြည်လင်စွာပဲ တငြိမ့်ငြိမ့်တသိမ့်သိမ့်စီးဆင်း၍ နေခဲ့ပါသေးသည်။ ကြည်သောရေမို့ မြစ်အောက်က ကျောက်စရစ်ခဲတွေကို ဖွေးဖွေးလှုပ်လှုပ် ဆုပ်ဆုပ်ခဲခဲ တွေ့နေခဲ့ပါသေးသည်။ မြစ်ကမ်းဝဲယာမှာ မြသားအတိ။ စိမ်းလို့မှောင်လို့။

သည်နေရာမှာက ရွှေပေါကြွယ်ပုံရပါသည်။ စာရေးဆရာကြီးသိန်းဖေမြင့်၏ ခရီးသွားစာပေလက်ရာတစ်ခုဖြစ်သော “မြစ်ဖျားဧရာ ရောင်စုံဖြာ”ဟူသည့် စာအုပ်ထဲ၌ ယူနန်ပြည်နယ်ထဲက တရုတ်အမျိုးသားအချို့သည် မြစ်ကြီးထဲ၌ ရွှေလာကျင်လေ့ရှိကြောင်း၊ မြစ်ကြီးနားမြို့ဝန်းကျင်ရောက်သည်အထိ ကျင်လေ့ကျင်ထရှိကြောင်း မှတ်ချက်ပေးထားခဲ့ဖူးပါသည်။

နောက်တော့ မြန်မာနိုင်ငံ စစ်အစိုးရလက်အောက်သို့ ကျရောက်သွားပြီးသည့်အခါ မြစ်ဆုံတစ်ဝိုက်တွင် ရွှေရှာသည်က ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း ဖြစ်လာပုံရပါသည်။ ခရစ်နှစ် ၂၀၀၀ တစ်ဝိုက်၌ မြစ်ဆုံဝန်းကျင်သို့ တရုတ်ပြည်က ရွှေဖောင်တွေရောက်ချလာပါသည်။ မြစ်ထဲက မြေကြီးကို ရေနှင့်အတူ စုပ်တင်လိုက်ကာ ရွှေဖောင်ပေါ်မှာပင် မျောတိုက်ပြီးနောက် ရွှေကိုတစ်ခါတည်း အပြီးကျင်ယူသည့် ရွှေဖောင်များပင် ဖြစ်ပါသည်။

“ရွှေဖောင်တွေက... စက်ယန္တရားအင်အားနဲ့ ကျင်ကြတာဆိုတော့ တစ်နေ့ တစ်ပိဿာကတော့ ရကြတာပါပဲ”

အံ့သြစရာကောင်းလိုက်တာ။ တစ်နေ့ကို ရွှေဖောင်တစ်စီးက တစ်ပိဿာတဲ့။ တစ်နှစ်လည်းမဟုတ်၊ ၂ နှစ်လည်း မဟုတ်၊ သုံးနှစ်လည်း မဟုတ်။ ရွှေဖောင်တွေက မြစ်ကြီးနားမြို့နားသို့ ရောက်သည်အထိ မြစ်ကြီးကိုတူး၍ ဆင်းလာခဲ့ရာ ရဟန်းသံဃာများက ဦးဆောင်လျက် မြို့ပျက်မည်ကိုစိုးသဖြင့် တားလိုက်ရာက တန့်သွားခြင်းဖြစ်ပါသည်။

အခုတော့ မြစ်ဆုံတစ်ဝိုက်၌ ရွှေဖောင်များမရှိကြတော့ပြန်။

(နှစ်)

၂၀၁၁ အတွင်းကလည်း မြစ်ဆုံသို့ ကျွန်တော် တစ်ခေါက်ရောက်သွားခဲ့ပြန်ပါသေးသည်။ ဆရာဖေမြင့်၊ ဆရာမဂျူးတို့နှင့်အတူ။

သည်တုန်းက သမ္မတအသစ်စက်စက် ဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ချက်ချထားပြီးသည့်ကာလ။

မြစ်ကြီးနားကနေ မြစ်ဆုံသို့အသွား ၀ဲယာရှုခင်းများကို မျှော်ငေး၍ လိုက်ပါသွားစဉ် မြစ်ဆုံနှင့်နီးလာလေလေ ဒဏ်ရာဒဏ်ချက်တွေက ပို၍ပို၍ များလာလေလေ ပြင်းထန်လာလေလေ ဖြစ်ပါသည်။

မြစ်ဘေးဝဲယာရှိ မြေသားများကို ပေါင်မုန့်လှီးသလို လှီး၍လှီး၍ထားခြင်းဖြစ်ရာ ကမ်းပါးကြီးတွေက သွေးစိမ်းရှင်ရှင်ထွက်နေသည့်နှယ် နီရဲ၍နေပါသည်။ လုပ်လက်စစီမံကိန်းများကို ရပ်ဆိုင်းထားပြီးဖြစ်သည့်တိုင် လုပ်ငန်းခွင်အခြေစိုက်စခန်းတွေက ဟိုးကမ်းပါးယံမြင့်မြင့်ကြီးတွေဆီမှာ ခံတပ်အဟောင်းကြီးများသဖွယ် မားမားရပ်လျက် မြစ်ကိုဆီးကြည့်နေပါသည်။ ဒေသခံတစ်ယောက်က တူးပစ်သမျှ မြေသားများကို တစ်ဖက်နိုင်ငံအတွင်းသို့ ကားများဖြင့် သယ်ယူသွားကြကြောင်း သတင်းပေးရာ ရွှေဖြစ်သည့် ကျွန်တော့်အမိမြေကို ကျွန်တော် နှမိနှမြောဖြစ်မိတာ အမှန်ပါ။

စက်လှေကလေးတစ်စီးကို ငှား၍ရသဖြင့် ဧရာဝတီမြစ်ထဲသို့ဆင်းကာ မေခကို နည်းနည်းကလေး ဆန်မောင်းခိုင်းဖြစ်ပါသည်။ စက်လှေသမားက အထက်သို့ သိပ်မဆန်ရဲ။ ဆရာမဂျူးက ကျွန်တော့်လက်ထဲက ကင်မရာပေါက်စကလေးကို သဘောမတွေ့။ တောင်ရိုက်မြောက်ရိုက်နှင့်မို့ နေရောင်မှာ လက်ခနဲလက်ခနဲ ဖြစ်သွားသည်ကို အထင်မှားကာ လုံခြုံရေးယူထားသူတို့က လှမ်းပစ်လိုက်မှာကို စိုးထိတ်ပုံရပါသည်။ လုပ်လက်စများကို ရပ်ဆိုင်းထားခဲ့သည့်ကာလဖြစ်သည့်တိုင် မြစ်ကမူ နီစွေး၍နေပါပြီ။ ရေမကြည်တော့။ မြစ်ရေအလျဉ်အောက်က ကျောက်စရစ်ခဲကလေးတွေကို မမြင်ရတော့။

ရေစပ်စပ်က ကျောက်စရစ်ခဲအချို့ကို လှမ်းအကောက်မှာ မြစ်ဆုံက တစ်နေ၀င်ခဲ့ပြန်ပါပြီ။

(သုံး)
ထူးခြားသည်က မြစ်ကြီးနားကနေ မြစ်ဆုံသို့အသွား လမ်းဘေးဝဲယာမှာ ရွှေလုပ်ကွက်တွေ ပေါ်လာခြင်းဖြစ်ပါသည်။ ခင်းထားသည့် ကတ္တရာလမ်း၏ ၀ဲယာအစပ်သည်ပင် ရွှေလုပ်ကွက်။ ကုမ္ပဏီကြီးတွေ၊ ကုမ္ပဏီငယ်တွေ၊ လက်ဝေခံတွေ၊ တစ်နိုင်တစ်ပိုင်တွေ။

ကားပေါ်ကဆင်းကာ တရုတ်စက်ကလေးတစ်လုံးနှင့် တထုန်းထုန်းမောင်းကာ အလုပ်သမား သုံး၊ လေးယောက်တို့ကို ဦးဆောင်ပြီး အလုပ်လုပ်နေသူနှင့် ကျွန်တော်စကားပြောဖြစ်ပါသည်။ သူက တစ်နေ့ကို တစ်ကျပ်သားလောက်တော့ရကြောင်း ဆိုပါသည်။

ကျွန်တော် တနိုင်းဝန်းကျင်က ရွှေမှော်တွေထဲကို ရောက်ဖူးပါသည်။ ခန္တီးတစ်ဝိုက်က ရွှေမှော်တွေထဲကိုလည်း ရောက်ဖူးပါသည်။ ဗန်းမောက်တစ်ကြောက ရွှေမှော်တွေထဲကိုလည်း ရောက်ဖူးပါသည်။

ကျွန်တော့်ခံစားမှုက တစ်ခုတည်းပါ။ သဘာဝသယံဇာတ ပေါကြွယ်လှသည့် ကိုယ့်တိုင်းကိုယ့်ပြည်ကို ပိုလို့ပိုလို့ ချစ်ခင်တွယ်တာစိတ်တွေ တိုးပွားလာမိပြီး သည်မြေသည်ရေက ရရှိသည့် သယံဇာတများကို လူတစ်ဦးတစ်ယောက်၊ ကုမ္ပဏီတစ်စုတစ်ဖွဲ့၊ နိုင်ငံရေးပါတီ တစ်သင်းတစ်ပင်းအတွက် အသုံးချချင်နေတာမျိုးမဟုတ်ဘဲ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သန်းခြောက်ဆယ်သော ပြည်သူလူထုကြီး လူလိုနေ လူလိုစား လူလိုဝတ်ကာ ပညာသင်မှု၊ ဆေးဝါးကုသမှု၊ အပန်းဖြေနားနေမှုကအစ ခွင့်တူညီမျှ ခံစားရယူနိုင်အောင် စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာစေနိုင်ရေးပါ။

မြစ်ဆုံက ကချင်ရိုးရာအရက်ရောင်းနေသူ ကချင်မကလေး ကျောင်းကောင်းကောင်းတက်နိုင်ဖို့။ ချင်းတောင်တန်းတစ်နေရာက ချင်းရိုးရာတဲကလေးထဲက ချင်းမိသားစုတွေ ရုပ်မြင်သံကြား ကြည့်နိုင်ဖို့။ စက်စဲကမ်းခြေက တဲကလေးထဲမှာလဲနေသူ ရေလုပ်သား မွန်အမျိုးသားကြီး ဆေးကောင်းကောင်းကုနိုင်ဖို့။ ငပလီကမ်းခြေတစ်ဝိုက်က ရခိုင်ရွာကလေးတွေထဲမှာ လျှပ်စစ်မီးလုံလုံလောက်လောက်လင်းဖို့။ အညာဖုန်းဆိုးတောကြီးထဲက အညာသူအညာသားတွေ ရေ၀၀ကြီးသောက်သုံးနိုင်ဖို့။ နိုင်ငံအနှံ့အပြားမှာ တာဝန်ထမ်းနေတဲ့ ဆရာ၊ ဆရာမ၊ ဆရာဝန်ကလေးတွေ၊ စစ်သားကလေးတွေ၊ ရဲသားကလေးတွေ ကိုယ့်လစာနဲ့ကိုယ် ဂုဏ်သိက္ခာရှိရှိ ထမင်းစားနိုင်ဖို့။

ကျွန်တော်တို့ ဘိုးဘွားအမွေအနှစ်ကို ကျွန်တော်တို့ချစ်တဲ့ ပြည်သူအားလုံးတစ်ယောက်မှ မကြွင်းကျန်ရစေဘဲ၊ မခြွင်းချန်ရစေဘဲ ခံစားနိုင်ရလေအောင် လုပ်ဆောင်ပေးဖို့က အစိုးရ၏တာဝန်ပဲဖြစ်ပါသည်။ အခုတော့ တူးနေလိုက်ကြတာ။ ရွှေတွေရော၊ ရေနံတွေရော၊ ကျောက်စိမ်းတွေရော၊ ပတ္တမြားတွေရော။ သြော်...။

မြစ်ဆုံကစလို့ တွေးမိသမျှ ကျွန်တော့အစအနများ...။       ။


မောင်သာချို

7Day News,အတွဲ(၁၂)၊ အမှတ်(၁၃)။

No comments:

Post a Comment