Saturday, January 18, 2014

ဇီးရိုးပလပ်စ် ဇီးရိုး ဇီးရိုး ဇီးရိုး ဆိပ်ကမ်းမှာ

Photo

(တစ်)
တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ပြောရလေမလားမသိ။ ထိုနေ့က ထားဝယ်ရေနက်ဆိပ်ကမ်းကိုရောက်တော့ အလုပ်သမားတချို့အား လျော်ကြေးငွေထုတ်ပေးသည့်ရက်နှင့် သွားပြီးတိုက်ဆိုင်လို့ နေပါသည်။ ကွင်းပြင်ကြီးထဲ ထီးထီးကြီးရပ်တည်နေသည့် စားသောက်ဆိုင်နေရာက ကန်တင်း (Canteen) သဘောမျိုး စုပေါင်းဖွဲ့စည်းထားသည့် အဆောက်အအုံကြီး ဖြစ်ပါသည်။ သို့သော် တန်းလျားတော့မဟုတ်။ အမိုးမြင့်မြင့်နှင့်မို့ ဂိုဒေါင်ကြီးတစ်ခုလိုလို၊ စည်ပင်သာယာကဆောက်သည့် ဈေးရုံကြီးတစ်ခုလိုလို၊ အထည်ရုံကြီးတစ်ခုလိုလို အဆောက်အအုံကြီး ဖြစ်ပါသည်။ အလုံပိတ်ကာရံထားသော ဈေးမဟုတ်သည့်အတွက် လင်းလင်းကျင်းကျင်းရှိပါသည်။ ပင်လယ်ကမ်းစပ်နံဘေးက ကွင်းပြင်ကြီးထဲတွင် ရှိသည့်အတွက် လေ၀င်လေထွက်ကလည်းကောင်းပြီး သန့်ရှင်းလတ်ဆတ်ပါ၏။ အများသုံးအိမ်သာနှင့် ဘာနှင့်။ သည်တစ်ပင်တိုင် အဆောက်အအုံကြီးထဲမှာ ဈေးဆိုင်တွေကို သူ့နေရာနှင့်သူ နေရာချထားပေးခြင်း ဖြစ်ပါသည်။ လူသုံးကုန်ပစ္စည်းရောင်းသည့် ဆိုင်ကလေး တစ်ဆိုင်စ နှစ်ဆိုင်စကလွဲလျှင် ကျန်တာတွေက စားသောက်ဆိုင်တွေချည်း။


လူသွားလူလာဟူ၍ မရှိလောက်အောင် တိတ်ဆိတ်ခြောက်ကပ်နေသည့် မိုးမဆုံး၊ မြေမဆုံး သည်ပတ်ဝန်းကျင်တစ်ဝိုက်မှာ လူကလေး၊ သူကလေး နည်းနည်းပါးပါးနှင့် အသက်ဝင်နေသည့် နေရာဆို၍ သည်တစ်နေရာပဲ ရှိလိမ့်မည်ထင်ပါသည်။ ဘီယာမော့နေသူ လေးငါးခြောက်ယောက်၊ အရက်သောက်နေသူ လေးငါးခြောက်ယောက်၊ ထမင်းစားနေသူ လေးငါးခြောက်ယောက်၊ လက်ဖက်ရည်သောက်နေသူ လေးငါးခြောက်ယောက်၊ ဟိုလျှောက်သည် လျှောက်လေးငါး ခြောက်ယောက်။ စားသောက်ဆိုင်တစ်ဆိုင်ကမူ ထိုင်းစာတွေနှင့်။

“သည်နေ့က လျော်ကြေးရကြတယ်လေ ...ဒါကြောင့် နည်းနည်းကလေး လူစည်နေတာ”

ဒေသခံတစ်ယောက်က ထားဝယ်သံမ၀ဲအောင်ထိန်း၍ ကျွန်တော့်ကိုပြောပါသည်။ ဟုတ်ပါသည်။ ၂၀၁၃ ဒီဇင်ဘာ ၁၁ သည် ထားဝယ်ရေနက်ဆိပ်ကမ်းရောက် အလုပ်သမားအချို့တို့ လျော်ကြေးငွေကလေး နည်းနည်းပါးပါးရသော နေ့ဖြစ်ပါသည်။ ဒါ့ကြောင့် သောက်သောက်စားစားကလေးတွေကလည်းရှိနေခဲ့ရာ စကားသံတွေက ပုံမှန်ထက်မြူး၍နေပါသည်။ တစ်ယောက်ကများဆိုလျှင် ကျွန်တော့်ဆီသို့ထလာပြီး မိတ်ဆက်ရုံမျှမက သူ့အင်္ကျီအိတ်ထဲက ပိုက်ဆံတစ်ထပ်ကိုပင် ဆွဲထုတ်၍ ပြနေပါသေးသည်။ တစ်သိန်းအုပ်နှစ်အုပ်နှင့် ငွေစက္ကူသောင်းပြောင်းအချို့။ သူ့ မျက်နှာက ရတနာသိုက်ကိုတူးမိသည့် လူလိုဝင်းပလို့။ တောက်ကြွားလို့။

သည်နေရာမှာ လူသူလေးပါးတို့ ခြောက်သွားခဲ့တာ တစ်လမရှိတရှိလောက်ရှိပြီ။ အီတာလျံ-ထိုင်းကုမ္ပဏီက လုပ်ငန်းများရပ်ဆိုင်းကာ စွန့်ခွာသွားကြရာက ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်ကြီးတစ်ခုလုံး တစပြင်လို ဖြစ်သွားခဲ့ရခြင်း ဖြစ်ပါသည်။

(နှစ်)
အီတာလျံ-ထိုင်းကုမ္ပဏီနှင့် မြန်မာတို့ ကနဦး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်က ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်။ နောက်ထပ်တစ်ခါ နားလည်မှုစာချွန်လွှာ ထပ်၍လက်မှတ်ထိုးကြပြန်သည်က ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်။ လုပ်ငန်းခွင်စ၍ လည်ပတ်သည်က ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂ ရက်။ ဟော အခုတော့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက် ပူးတွဲလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးမှာ စီမံကိန်းပျက်ပါပြီ။ အီတာလျံ-ထိုင်းကုမ္ပဏီက ဆက်လက်လုပ်ဆောင်နိုင်စွမ်းမရှိတော့ပါဘူးဟုဆိုကာ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပစ်လိုက်ခဲ့ခြင်း ဖြစ်ပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းကြီးအပါအ၀င် ထားဝယ်စီးပွားရေးဇုန်ကြီးတစ်ခုလုံးအတွက် အမေရိကန်ဒေါ် ၈ ဒသမ ၆ ဘီလီယံ မှန်းထားခဲ့ရာ သည်ပမာဏကို ကုမ္ပဏီကမတတ်နိုင်တော့။

လုပ်ငန်းခွင်ကြီးက တော်တော့ကိုပဲကျယ်ပါသည်။ ဟက်တာနှင့်တွက်လျှင် ၂၀၀၀၀၊ ဧကနှင့်တွက်လျှင် ၅၀၀၀၀ ။ အဓိကအကျဆုံးက ထားဝယ်ရေနက်ဆိပ်ကမ်း။ ထိုဆိပ်ကမ်းကနေ ထိုင်းနိုင်ငံနယ်စပ်အထိ မြန်မာနိုင်ငံ၏ ခြေထောက်ကန့်လန့်ဖြတ်ပြီး ဖောက်နေသည့် နှစ်လမ်းသွားကားလမ်း။ ပြီးတော့ စက်မှုဇုန်။ ပြီးတော့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ။ ပြီးတော့ ရေပေးဝေရေး၊ ဆက်သွယ်ရေး စသည် စသည်။

ကျွန်တော် ထားဝယ်သို့ မကြာခဏရောက်တတ်ပါသည်။ ထားဝယ်သို့ရောက်တိုင်းလည်း မောင်းမကန်ကမ်းခြေမှာတော့ သွားသွားပြီး ထိုင်ဖြစ်သည်ချည်းပဲ ဖြစ်ပါသည်။ မောင်းမကန်ကမ်းခြေကနေ တနင်္သာရီကမ်းရိုးတန်းအတိုင်း မြောက်သို့တက်သွားလျှင် ဟိုးနဘုလယ်ကျေးရွာနားသို့ ရောက်သည်အထိ ထားဝယ်ရေနက်ဆိပ်ကမ်းကြီးက စောင့်၍နေပါသည်။ ပင်လယ်ကြီးကပြာလို့။ ကမ်းခြေကြီးက ဖြောင့်တန်းလို့။ သည်နေရာမှာ ရေက နည်းနည်းနက်ပါသည်။ သင်္ဘောကြီးတွေ ၀င်ထွက်သွားလာနိုင်သည်အထိကိုပဲ နက်ပါသည်။ ထို့ကြောင့် ဆိပ်ကမ်းလုပ်ကာ ကားလမ်းဖောက်ပြီး ထိုင်းနိုင်ငံထဲသို့ ၀င်ရောက်သွားရန်အတွက် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းက ရည်ရွယ်ထားခြင်းဖြစ်ပါသည်။ ယင်းနှင့်ယှဉ်တွဲလျက် စီမံကိန်းက ထားဝယ်အထူးစီးပွားရေးဇုန်။

အခုတော့ ထိုထိုဤဤသော စီမံကိန်းကြီးတွေက ယာယီရပ်ဆိုင်းလို့။

သောင်စပ်မှာက ယာယီဆောက်ထားသည့် တည်းခိုဇရပ်တစ်ဆောင်။ ဇရပ်နှင့်မလှမ်းမကမ်း ပင်လယ်ကမ်းပါးပေါ်မှာက  အလံတိုင်တစ်ခု။ အလံတိုင်၏အောက်နားဆီမှာက မိုင်တိုင်တစ်ခုကို စိုက်ထားပါသည်။ KMO+000 တဲ့။ ကီလိုမီတာဇီးရိုးကနေ စသည့်လမ်း။ အကြမ်းစပြီးဖောက်ထားသည့် လမ်းဆိုသည့်တိုင် လမ်းက မြေသားမို့နီရဲနေပြီး ချောမွေ့ပြေပြစ်စွာနှင့်ပဲ ဟိုးအရှေ့ဘက် ထိုင်းနယ်စပ်ရှိရာဆီသို့ ဦးတည်ပြီး သွားနေပါလေသည်။ မလှမ်းမကမ်းဆီမှာက နှုတ်ဆိတ်နေသည့် ထိုင်းနတ်ကွန်းကလေးတစ်ခု။ ထိုင်းအငွေ့အသက်မကင်းသည့် စီမံကိန်းရုံးခန်းကလေးတစ်ဆောင်။ စီမံကိန်းပုံစံငယ်များ ခင်းကျင်းပြသထားသည့် အဆောင်ကလေးတစ်ခု။ ကျန်တာဘာမှမရှိ။ ကျွန်တော်တို့လို ကြံကြီးစည်ရာ ရောက်လာတတ်သူတွေကလွဲလျှင် မည်သူမှမရှိ။ ပင်လယ်ကိုဦးတိုက်ထားသည့် ကားလမ်းမဘေးဝဲယာဝန်းကျင်တစ်ခုလုံးတွင်ကား လယ်ယာကိုင်းကျွန်း သစ်ပင်ဝါးပင်များကို ခုတ်ထွင်ရှင်းလင်းထားသည့်အတွက် ဟင်းလင်း။

အီတာလျံ-ထိုင်းကုမ္ပဏီက သည်စီမံကိန်းကြီးအတွက် နစ်နာထိခိုက်ရသော ဒေသခံများကို လျော်ကြေးပေးပါသည်။ ကွမ်းသီးတစ်ပင်ကို ဘယ်လောက်၊ ရော်ဘာတစ်ပင်ကို ဘယ်လောက်၊ မြေကွက်သက်သက်ကို ဘယ်လောက် စသည်ဖြင့်။  

“ဈေးကတော့အမျိုးမျိုးပေါ့။ ကွမ်းသီးတစ်ပင် သုံးသောင်း၊ လေးသောင်း၊ ငါးသောင်း အပင်အရွယ်အစားအလိုက်ပေါ့။ ထိုင်းနယ်စပ် KNU နယ်မြေဘက်ကတော့ KNU က ရပ်တည်ပေးတဲ့အတွက် ပိုရတယ်လို့ကြားပါတယ်။ ကွမ်းသီးတစ်ပင်ကို တစ်သိန်းရှစ်သောင်းတဲ့၊ ရော်ဘာတစ်ပင်ကို ရှစ်သောင်းတဲ့၊ မြေကွက်အလွတ်တွေက တစ်ဧကကို ငါးသိန်းရတာလည်းရှိ ဆယ်သိန်းရတာလည်းရှိ”တဲ့။

လမ်းဧရိယာနှင့်မလွတ်သော၊ စီမံကိန်းနယ်မြေနှင့်မလွတ်သော ရွာများ၊ စိုက်ပျိုးမြေများကို ကုမ္ပဏီကလျော်ပြီး အလုပ်လုပ်ကြရာ တချို့တချို့တို့က ခါတော်မီအပင်ကလေးတွေ နေ့ချင်းညချင်းထစိုက်ကာ လျော်ကြေးကိစ္စ ကြိုးစားကြသည့်အတွက် ဒေသခံတွေက “လျော်ပင်”ဟု အမည်ပေးကြကြောင်းဆိုရာ ကျွန်တော် တော်တော့ကို သဘောကျသွားမိပါသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာကြီးထဲ၌ ထိန်ကြီး၊ လဲရှောင်၊ မူးဒူး၊ ပရဒတ်၊ ခမောက်ချောင်း၊ ၀က်ချောင်း စသည့်ရွာတို့ အဓိကပါဝင်ပြီး စိုက်ပျိုးမြေဧကပေါင်း ၇၉၉၇ ဒသမ ၄၉ ဧကနှင့် ဒေသခံလူပေါင်း ၁၅၄၅ ယောက်တို့အတွက် ထိုက်သင့်သည့်လျော်ကြေးကို ပေးရမည်ဖြစ်ရာ စုစုပေါင်းကျပ်ဘီလီယံ ၃၄၀ ခန့်မှန်းထားပြီး ယခုအထိ ကျပ်သန်းပေါင်း ၃၄၀၀ ပေးလျော်ပြီးဖြစ်သည့်အတွက် နောက်ထပ်ပေးလျော်ရန် ကျပ်ငွေ ၃၀၇ ဘီလီယံ ကျန်သေးသည်ဟုဆိုပါသည်။

ယခု အီတာလျံ-ထိုင်းကုမ္ပဏီက သည်ဝန်ထုပ်ဝန်ပိုးကြီးတွေကို မထမ်းရွက်နိုင်ဘဲ ဖြစ်သွားပုံရပါသည်။ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းပစ်လိုက်ကာ အလုပ်သမားတွေကို လျော်ပါလေသတဲ့။ သုံးလမပြည့်သေးသည့် အလုပ်သမားကို တစ်လစာ၊ တစ်နှစ်မပြည့်သေးသည့် အလုပ်သမားကို နှစ်လစာ၊ တစ်နှစ်ပြည့်သည့် အလုပ်သမားကို သုံးလစာ၊ သုံးနှစ်ပြည့်သည့် အလုပ်သမားကို ငါးလစာ စသည်စသည်ဖြင့် လျော်ပစ်ခဲ့ခြင်းဖြစ်ပါသည်။

“မြန်မာအလုပ်သမားက လစာနည်းပါတယ်။ တစ်နေ့မှ သုံးထောင်၊ သုံးထောင့်ငါးရာ၊ လေးထောင်ဆိုပါတော့။ ထိုင်းအလုပ်သမားက တစ်နေ့အနည်းဆုံး ဘတ် ၃၀၀ လေ။ မြန်မာငွေ ကိုးထောင်တစ်သောင်းပေါ့”

ဒေသခံက ထားဝယ်ရေနက်ဆိပ်ကမ်းခွင်ထဲရှိ မြန်မာနှင့် ထိုင်းအလုပ်သမားတို့ လုပ်ခလစာကွာခြားပုံများကို ရင်ဖွင့်ပါသည်။ စာရင်းဇယားအချို့က နေ့စားဝန်ထမ်း ၁၃၅၀၀ ယောက်၊ အမြဲတမ်းဝန်ထမ်း ၁၃၀ ယောက်ရှိပြီး ရပ်ဝေးက လာရောက်လုပ်ကိုင်သူ အများအပြားနှင့် ထိုင်းအလုပ်သမားတွေလည်း ပါဝင်ကာ ထိုင်းတို့က ကိုယ့်ထမင်းချက်နှင့် ကိုယ်လာခဲ့ကြခြင်း ဖြစ်သည်ဟုဆိုပါ၏။

ယခုတော့ ဒါတွေအားလုံး ရပ်ဆိုင်းကာသွားခဲ့ပါပြီ။

အီတာလျံ-ထိုင်းကုမ္ပဏီက ဆက်လုပ်မည့်သူကို အထွေထွေရင်းနှီးမြှုပ်နှံထားခဲ့မှုများအတွက် ဘတ်သန်း ၆၀၀၀၊ အမေရိကန်ဒေါ်လာ ၁၈၉ သန်း ပေးလျော်ရန် တောင်းဆိုထားသည်ဟုဆိုပြီး ထိုတောင်းခံထားသည့် ငွေပမာဏသည် မျှတ၏၊ မမျှတ၏ဆိုသည်ကို ကမ္ဘာကျော်ကုမ္ပဏီကြီးများဖြစ်သည့် Ernst & Young, Price Water House Coopers , Heloitte စသော ကုမ္ပဏီသုံးခုကို တွက်ချက်ခိုင်းမည်ဟုလည်း သတင်းများထွက်လျက်ရှိနေဆဲ ဖြစ်ပါသည်။

လျော်ကြေးရရန် ကိုယ့်အလှည့်ကို မကြာမီရောက်လာတော့မည်ဟူသော စိတ်ကူးနှင့် ကြိုတင်ကာ ပက်ပက်စက်စက် ချေးငှားပေါင်းနှံသုံးဖြုန်းဝယ်ခြမ်းထားကြသူ ဒေသခံတွေ စီမံကိန်း ရုတ်တရက်ရပ်ဆိုင်းသွားခြင်းမှာ ဘာဆက်လုပ်ရမှန်းမသိတော့။

ပင်လယ်လေက သုတ်ဆဲ။ ထားဝယ်တောင်တန်းကြီးတွေက မှုန်ဆဲ။ KM 0+000 ဟူသည့် ထိုင်းသို့သွားရာ မြန်မာ့ပင်လယ်ကမ်းစပ်ရှိ လမ်း၏အစမှာ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် ကျွန်တော်တို့ရပ်ကာ ငေး၍နေဆဲ။ သောင်စပ်ထီးထီးကြီးထဲမှာ တည်းခိုဆောင်ကလေး၏အရိပ်ကိုခိုမှီပြီး ဆေးလိပ်ကွမ်းယာဗန်းကလေးဖြင့် ဘ၀ကိုမောင်းနှင်သူ ဒေသခံထားဝယ်သူကြီးက ကုမ္ပဏီတွေပြန်လာရင် ဈေးပြန်ရောင်းကောင်းမှာပါတဲ့။ KM 0+000 ရဲ့ အနားမှာ။

ထိုင်းသို့ သွားရာလမ်းကတော့ KM 1+000 , KM 2+000, KM 3+000 စသည် စသည်။     ။


မောင်သာချို

7Day News
အမှတ် (၄၁)

No comments:

Post a Comment