Friday, March 21, 2014

နိုင်ငံတော် မျှော်ခြင်း ◄ ဝင်းမြင့် ►

နိုင်ငံတော်ကို ကျွန်တော်ရောက်တော့
လူ ဖြစ်ပြီး ခုနှစ်နှစ်လောက်အကြာ
၁၉၇၅ မုန်တိုင်းကကျွန်တော်နဲ့ကျွန်တော့်မြို့ကို ရမ်းတယ်
လေကြောင့်လှုပ်နေတဲ့ သစ်သားအိမ်ကြီးပေါ်မှာ
ကလေး ဆိုတော့ "ပျော်တာပေါ့ အမေရယ် ၊ ကျောင်းကြီး" မှာပေါ့

နောင် မကြာခင်နှစ်များအတွင်း နိုင်ငံတော်
ဆိုရှယ်လစ်စနစ် ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်တယ်
အိုးစည်ဒိုးပတ်နဲ့အလံတွေနဲ့၊ ရုပ်ပုံပါ စာတမ်းတွေနဲ့
အသက်မပြည့်သေးတဲ့ လူလေးကို
နိုင်ငံတော်မေးခွန်းတွေနဲ့ တီးခေါက်တယ်
ကလေးဆိုတော့ လူကြီးအလုပ်တွေပါလို့ ပြောကြည့်တယ်

နိုင်ငံတော်ကို ပြောကြည့်တော့
ကျွန်တော့်ကို လူပျိုပေါက်အရွယ်အဖြစ်
နိုင်ငံတော်တိုးပေးတယ်၊ ကျောင်းတွေ၊ အသက်တွေ
ပတ်ဝန်းကျင်ဟောင်းမှာ တစ်နှစ် တစ်တန်း
နှစ်နှစ် နှစ်တန်း စသဖြင့် အစဉ်အတိုင်းအောင်လာတယ်
ရည်းစားသနာလေးလည်း နိုင်ငံတော် ပေးသနားလို့ ထားရတယ်
ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ လူရည်ချွန်
တစ်ခုခုမထူးချွန်တော့ ကျွန်တော့်ကို စာအုပ်တွေဖတ်ဖို့
စာအုပ်ဆိုင်လေး ဖွင့်ပေးတယ် ၊ " စာတွေဖတ် " ၊
နိုင်ငံတော် ပြောပြီး ပြန်သွားတယ် ၊
"ပြန်မလာ" "ပြန်မလာ" နဲ့ ကြာတောင့်ကြာခဲမှ နိုင်ငံတော်
မျက်နှာမသာမယာနဲ့ ပြန်လာတယ် ၊
ဒါပေမဲ့ ပိရိသေသပ်တဲ့ မျက်နှာထားနဲ့ ။

ကျွန်တော့်ကို အသက်နှစ်ဆယ်အထိ တိုးပေးတယ်
သူနဲ့အတူလမ်းတွေပေါ်မှာ ကျွန်တော့်လိုအရွယ်တွေ
နိုင်ငံတော် ရှေ့က တိုင်ပေးတယ် ၊ လိုက်အော်တယ်
နိုင်ငံတော် အော်တယ် "တို့ အရေး"
ကျွန်တော် လိုက်အော်တယ် "တို့ အရေး"
နိုင်ငံတော် အော်တယ် "တစ်ပါတီစနစ် ကျဆုံးပါစေ"
ကျွန်တော် လိုက်အော်တယ် "အာဏာရှင်စနစ် ပြုတ်ကျပါစေ"
နိုင်ငံတော် ရှစ်လေးလုံး လို့ပြောတယ် ၊
ကျွန်တော်တို့မြို့မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတစ်စု စလှုပ်လိုက်တယ်
အရေးအခင်းလို့ ပြောတယ် ၊ကျွန်တော့်နောက်မှာ
"စိုးမိုးထွန်း" ၊ လယ်ကွင်းတွေထဲကို ဖြတ်လိုက်လာတယ်
နောက်တော့ နှစ်များစွာ မှောင်မည်းတိတ်ဆိတ်သွားတယ်
ရောဘတ်အိုဝင် နဲ့ ဒေါက်တာဝီလျှံကင်း တို့ရဲ့
သူတို့အိမ်က သမ၀ါယမဆန်ထုတ်တဲ့ ကုန်ထုတ်စာအုပ်တွေ
နိုင်ငံတော် ပြန်သိမ်းသွားတယ်။

ထို့နောက် အုံ့မှိုင်းပြီးထုံထိုင်းဆန်တဲ့နှစ်တွေ ထပ်မံဖြတ်သန်း
နိုင်ငံတော်လည်း ကျွန်တော့်ကို မနိုင်တော့သလို လုပ်နေတယ်
ကျွန်တော်လည်း နိုင်ငံတော် ကို မနိုင်
နိုင်ငံတော် ကလည်း ကျွန်တော်တို့ကို မမျှော်
ကျွန်တော် လည်း နိုင်ငံတော် မမျှော်ဖြစ်သလို ကြည့်နေကြတယ်
နိုင်ငံတော်က ကျွန်တော့်ထံ ၁၉၉၀ လောက်မှာ စာတစ်စောင်လာတယ်
၁၉၉၁ လောက်မှာ ကျွန်တော် စာပြန်ရေးတယ်

ကျွန်တော်က ခေါင်းက "ပတ်တီးစ" ကို ကိုင်ပြပြ်ီး
"စံပယ်ပွင့်ချိန်" လို့ပြောတယ်
"နီးစပ်ရာ ဆေးခန်းသွားပြကွာ" လို့ နိုင်ငံတော် စာပြန်တယ်
"လက်တစ်ဖက်ပြတ် အကျီင်္" ကျွန်တော် ပြောတယ်
"ကျန်တဲ့ လက်တစ်ဖက်ပါ ဖြတ်ပစ်မယ်" လို့ နိုင်ငံတော် ကျိန်းတယ်
အခြေအနေအရပ်ရပ်ကို "မြတ်ခင်းပေါ်မှာ" ဆိုပြီင်္း တင်ပြတယ်
နိုင်ငံတော် စာပြန်မလာဘူး
ကျွန်တော်"ပုသိမ်"လို့ ပြောတယ်
နိုင်ငံတော် "ပယ်တယ်" လို့ ပြန်ပြောတယ်
ကျွန်တော်က သံဝေဂရဖို့ "ပဲ့တင်"လို့ ပြောတယ်
ဒါပေမယ့် နိုင်ငံတော်က "မင်း ပြောသလို ၀ဋ်လိုက်မှာတော့ စိုးပါသတဲ့"
နောက်တော့ နိုင်ငံတော် ကျွန်တော့်ကို နေရာချထားပေးတယ်
တာဝန်ချထားပေးတယ် ၊ " ဇနီး တစ်ယောက်"
ခံစားခွင့်ပေးတယ် "သားတစ်ယောက်"
ဒါပေမယ့် နိုင်ငံတော် "မအော်နဲ့" လို့တော့
ကျွန်တော့်ကို အပြတ်ပြောထားတယ်
ညအိပ်ရင် ဧည့်စာရင်း တိုင်အိပ်ကွာလို့ ရန်ကုန်က မှာသေးတယ်
ဒီလိုနဲ့ ကျွန်တော် ဆက်သွားတယ် ၊ နိုင်ငံတော် ဆက်သွားတယ်
နိုင်ငံတော်ကို ကျွန်တော် မျှော်တယ်။

၂၀၁၀ မှာ နိုင်ငံတော် ပြန်ပေါက်ချလာတယ်
သမ္မတ ပေးမယ် ၊ လွှတ်တော် ပေးမယ်
ရွေးချယ်မှု နဲ့ ခေါင်းဆောင် တစ်ယောက်ပေးမယ်
ကျွန်တော့်ကို ခြစားမှုတွေ ၊ ကြောက်ရွံ့မှု တွေနဲ့
ဆင်းရဲတွင်းနက်နေမှုကို တောင်းပန်တယ်
နိုင်ငံတော် ကျွန်တော့် ရှေ့မှာ ပြောတယ်
"နိုင်ငံတော်ကို ခင်ဗျားတို့ ပိုင်ပါတယ်" တဲ့
ကျွန်တော် ဖြတ်ခနဲ ကြည့်လိုက်ရင်း ကျွန်တော့်ကိုလည်း နိုင်ငံတော် ပိုင်ပါတယ်
ပြ်ီးတော့မှ ကျွန်တော့် ရဲ့ "မိုးစက်တွေကို "အစချီ မိသားစု ကဗျာကို ရွတ်ဆိုလိုက်တယ်
နိုင်ငံတော် "ဘယ်တော့မှ ကျိုးကြေမသွားဘူး" လို့
ကျွန်တော် နဲ့ အတူ လိုက်ဆိုတယ်
နိုင်ငံတော်ဟာ ခေါင်းတညိတ်ညိတ် နဲ့
နိုင်ငံတော် မပျော်တာကြာပြီ။   ။

ဝင်းမြင့် 

၂၀၁၂ ၊ အောက်တိုဘာ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

( ၂၀၁၂ အလယ်ရိုးမကဗျာဆုရ )

No comments:

Post a Comment