Friday, January 2, 2015

မိုင်(၁၀၀)ခန့် ပိုမိုဝေးကွာ


ဒီရက်ပိုင်းတွေ ...
မြို့ကလေးရဲ့ ပါးစပ်ဖျားမှာ
သူ့နာမည် အပ်ကြောင်းထပ်ရော့မယ်။

ဆက်သွယ်မှုဧရိယာပြင်ပကို
သူ့ကိုယ်သူ ပစ်လွှတ်လိုက်တော့
အလုပ်တာဝန်တွေ၊ မြို့ပြအမောတွေ၊
နေ့စဉ်ပုံစံခွက်လူနေမှုစတိုင်လ်တွေ ထားခဲ့တယ်
ပြီးတော့ ငါ့ကိုလည်း ထားခဲ့တယ်
chat box ထဲက အသည်းပုံလေး သတိမရဘူးလား
ဖုန်းလိုင်းထဲက ဂစ်တာကော့ဒ်တွေ သတိမရဘူးလား
စိတ်လိုလက်ရ ချော့သိပ်ခြင်းတွေ သတိမရဘူးလား
နဂိုအကွာအဝေးနဲ့တင်
ညညအိပ်မက်ဆိုးတွေမက်ဖို့ လုံလောက်နေပြီးသားပါ

တစ်မြို့လုံးအိပ်မောကျနေချိန်
ငါ့အသံမပါတဲ့ညထဲ အိမ်ရှေ့က ဒန်းကလေးဆီ
ခပ်ဆွေးဆွေးလေး ငေးနေမလား
ငါ့မှာလည်း မြန်မြန်ပြန်လာ မြန်မြန်ပြန်လာ လို့
စာရွက်လွတ်တွေပေါ် တစ်ညလုံးချရေးနေတာ
အချစ်ကို ရှာဖွေတွေ့ရှိတာကလွဲလို့
ဒေသန္တရဗဟုသုတခေါင်းပါးသူပါ
လွမ်းတာတောင် မြန်မာပြည်မြေပုံကလေး
လက်နဲ့ထောက်ထောက်ပြီး လွမ်းရ ။

ဒီရက်ပိုင်းတွေ ...
ငါ့ရဲ့ ပါးစပ်ဖျားမှာ
သူ့မြို့ကလေးနာမည် အပ်ကြောင်းထပ်တော့တယ်။


ဟိန်း

No comments:

Post a Comment