Friday, January 2, 2015

ညဝတ်အင်္ကျီအစင်းကျားနဲ့ ကောင်လေး



ကျွန်တော်ပျင်းတယ်
အခိုင်အမာဆောက်ထားတဲ့ အိမ်အသစ်ကြီးထဲမှာ
သူငယ်ချင်းတွေနဲ့အတူ လက်တွေကို
လေထဲဆန့်တန်း ပျံဝဲပြေးလွှားလို့မရဘူး
အဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ပွဲမှာ
အားလုံးက ဟိုင်း ဟစ်တလာ လို့ လက်တွေကို လေထဲဆန့်တန်းကြတယ်
ဒါပေမယ့် ကျွန်တော်တို့လို ပြေးလွှားမနေကြဘူး
ပိုအရေးကြီးတဲ့တာဝန်တစ်ခုဟာ အဖေ့ပခုံးပေါ်ကျလာတယ် ထင်တယ်
သူတို့ဘာကို ဂုဏ်ယူနေကြသလဲ ကျွန်တော်မသိဘူး။
အိပ်ခန်းပြတင်းကနေ တစ်ခါပဲ ချောင်းကြည့်လိုက်တယ်
ဒီနေရာမှာ ကျွန်တော်တို့ပဲ မဟုတ်ဘူး
လယ်သမားတွေလည်း ရှိတယ်၊ လယ်သမားတွေမှာ ကလေးတွေရှိမှာပဲ၊ 
ကျွန်တော်သူတို့နဲ့ ဆော့ချင်တယ် လို့ အမေ့ကို ပြောပြမိကတည်းက
ပြတင်းပေါက်ကို အိမ်ကလူတွေက ရိုက်ပိတ်လိုက်တယ်
မီးခိုးမည်းမည်းတွေ ထိုးတက်လာတာ ကျွန်တော်မြင်တယ်
အဲ့ဒီက ထွက်တဲ့ အနံ့ဟာ အရမ်းဆိုးတယ်
(၈)နှစ်သားတစ်ယောက်ဖြစ်နေပေမယ့်
အမေပြောသလို အဝတ်ဟောင်းတွေ မီးရှို့တယ်ဆိုတာ ကျွန်တော် မယုံဘူး။
ဒါပေမယ့် ဘာတွေဆိုတာလည်း ကျွန်တော်မသိဘူး။
အိမ်အကူ အဘိုးကြီးဟာ ညဝတ်အင်္ကျီအစင်းကျားတွေပဲ ဝတ်တယ်။
အာလူးသီးတွေ အခွံနွှာနွှာနေတဲ့သူက ဆရာဝန်လို့ ပြောတယ်။
သူ ကျွန်တော်တို့နဲ့ ဘာကြောင့်မတူတာလဲ 
မေးခွန်းအားလုံးကို တစ်ခွန်းတည်းဖြေတယ်
ဂျူး ဖြစ်နေလို့ တဲ့။
သူငယ်ချင်းအသစ်တွေကို ဆာလောင်စိတ်က
အိမ်နောက်ဖေးတံခါးကနေ ခိုးထွက်သွားတယ်။
လျှပ်စစ်လွှတ်ထားတဲ့ သံဆူးကြိုးတွေထဲမှာ ရှမူး ထိုင်နေတယ်
သူ့ရဲ့ ညဝတ်အကျီ င်္အစင်းကျားပေါ်မှာ နံပါတ်တွေ ရေးထားတယ်
အဲ့ဒါ ဘာကစားနည်းလဲ ကျွန်တော် သိပ်သိချင်တယ်
ကျွန်တော်မေးသမျှကို စိတ်မဝင်စားဘဲ ရှမူးက ဗိုက်ဆာတဲ့အကြောင်းပဲ ပြောတယ်။
ရှမူးအတွက် ပေါင်မုန့်တွေ အမေမသိအောင် ခိုးခဲ့မယ်။
တစ်ရက်လောက်တော့ ကျွန်တော့်အိမ်ကို ရှမူး လာလည်စေချင်လို့
ကျွန်တော် သူနဲ့ ဘောလုံးပစ်တမ်း ကစားတယ်။
သံဆူးကြိုးတွေအပေါ်ကနေ သူ့ဆီကို ပစ်ပေးလိုက်တဲ့ဘောလုံးကြောင့်
သူပျော်သွားမယ်ထင်ထားတာ၊ သူသိပ်ကြောက်သွားတယ်။
အိမ်ရှေ့မှာ ဒန်းသွားစီးမယ်လို့ အမေ့ကို ပြောခဲ့တိုင်း
အိမ်နောက်ဖေးတောအုပ်ကလေးကနေတဆင့် ရှမူးဆီ ကျွန်တော်ပြေးပြေးလာတယ်။
ကျွန်တော့်ကြောင့် ရှမူး မျက်လုံးတစ်ဖက် ပိတ်သွားတဲ့အထိ အရိုက်ခံရတယ်
အဲ့ဒီ သုံးလေးရက်မှာ ချောကလက်တွေခိုးလာပြီး သံဆူးကြိုးနားမှာ ကျွန်တော်စောင့်နေတယ်
ရှမူး လုံးဝမလာဘူး။ ကျွန်တော့်ကို စိတ်နာသွားပြီ ထင်ပါရဲ့။
မကြာခင်မှာပဲ ကျွန်တော်ပေးတဲ့ ချောကလက်တွေကို စားရင်း
ပေါက်ပြဲနေတဲ့ နှုတ်ခမ်းတွေနဲ့ ရှမူး ကျွန်တော့်ကို ရယ်ပြတယ်။
ကျွန်တော်တို့ သိပ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ပြီလို့ ထင်တယ်။
ဘာတွေကို ရှို့နေလဲ၊ ညှော်နံ့တွေကတော့ အရင်လို ဆိုးဝါးဆဲပါပဲ။
ရှမူးတို့ဟာ လယ်သမားတွေလည်းမဟုတ်ဘူး
ဆော့နေတဲ့သူတွေလည်း မဟုတ်ဘူး ကျွန်တော်သိတယ်
ဒါပေမယ့် ဘယ်သူတွေလဲ ကျွန်တော်မစဉ်းစားတတ်ဘူး။
အဖေက ကျွန်တော်တို့ကို ဒီနေရာမှာ မနေစေချင်တော့ဘူး။
အဒေါ်တစ်ယောက်နဲ့ အတူတူနေဖို့ သွားခိုင်းနေပြီ။
သံဆူးကြိုးတွေနဲ့ ခြံကြီးထဲမှာ ပျောက်သွားတဲ့ ရှမူးအဖေကို ကူရှာပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်။
ခြံကြီးထဲမှာ အစောင့်တွေ ကျွန်တော့်ကို မရိပ်မိအောင်
ညဝတ်အင်္ကျီအစင်းကျားတစ်ထည် ယူခဲ့မယ်လို့ သူက ပြန်ကတိပေးတယ်။
သံဆူးကြိုးအောက်မှာ ကျင်းတစ်ကျင်းတူးပြီး ရှမူးဆီ ရောက်တော့
အဆောင်တွေထဲမှာ သူ့အဖေကို အတူတူလိုက်ရှာကြတယ်
ယောက်ျားတွေ အများကြီး ထိုင်နေတဲ့ အဆောင်မှာ ရှာကြတယ်
ခရာသံတွေ ဆူညံနေတယ်၊ ခွေးဟောင်သံတွေ ဆူညံနေတယ်၊
တစ်ဆောင်လုံးကို အပြင်ထွက်ခိုင်းတယ်၊ တစ်နေရာကို ခေါ်သွားကြတယ်။
အပြင်မှာ မိုးတွေရွာနေတော့ မိုးတိတ်တဲ့အထိ 
ဒီနေရာမှာ ထိုင်နေရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
ပြီးတော့ ကျွန်တော်တို့ကို အဝတ်အစားတွေတစ်ခုမကျန် ချွတ်ခိုင်းတယ်။
ရေချိုးရမယ်ထင်တယ်လို့ ကျွန်တော် ရှမူးကို ပြောတယ်။
အဒေါ်ဖြစ်တဲ့သူဆီကို ခရီးထွက်ဖို့ အဖေတို့အမေတို့ ကျွန်တော့်ကို လိုက်ရှာနေကြပြီ ထင်ပါရဲ့။
သံတံခါးကြီးကို မိုးသံလေသံတွေ တိခနဲ ပြတ်ကျသွားအောင် ပိတ်လိုက်တယ်။
တစ်ခန်းလုံးကို အမှောင်ချလိုက်တယ်။
အမိုးပေါ်က အပေါက်သေးသေးလေးပေါ်မှာ
ဓာတ်ငွေ့ကာ မျက်နှာဖုံးနဲ့ အစောင့်တွေကို ကျွန်တော် မြင်တယ်။
ဘယ်ကထွက်လာမှန်းမသိတဲ့ မီးခိုးငွေ့တွေကြားမှာ 
ကျွန်တော် နဲ့ ရှမူး ရဲ့ လက်ဖဝါးသေးသေးလေးတွေဟာ 
အသက်ရှုကြပ်လာတဲ့အထိ
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့ကြပါတယ်။

ဟိန်း

- The Boy In The Striped Pajamas - သို့

1 comment: