Friday, January 2, 2015

RC - 1814

ငါ့တပည့်များ အောင်ပါစေကွာ ဆိုတဲ့စကားသံအဆုံးမှာ
နိုင်ငံတော်ကြီးလည်း နှစ်ပေါင်း(၆၀)ကျော် ကျဆုံးတော့တာပဲ
သွေးရူးသွေးတန်းနဲ့ ချက်ချင်းထလုပ်ခဲ့တာမဟုတ်ဘူး
လွန်ခဲ့တဲ့နှစ်ပတ်ကျော်ကျော်ကတည်းက ဘရင်းဂန်းတွေ ပြင်ထားတယ်
လွန်ခဲ့တဲ့(၃)လကျော်ကျော်ကတည်းက တပည့်တပန်းတွေ ပြင်ထားတယ်
အောင်ပွဲခံဖို့ အရက်ဝိုင်းတစ်ခု ပြင်ထားတယ်
ကုန်ကုန်ပြောမယ် ...
U Saw-Prime Minister ဆိုတဲ့ ရာဘာတံဆိပ်တုံးကိုတောင် ကြိုတင်ပြင်ဆင်ထားတယ်
ကမူးရူးထိုးကောင်လေးတစ်ယောက်ပါ လို့ သူထင်ထားတဲ့သူက
အခု နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတော့
နေ့နေ့ညည စားမဝင်အိပ်မပျော်ဘူး
ပြည်သူတွေအတွက် ကိုးထပ်မြောက် ငရဲကြီး တစ်ခုကို ဖန်တီးသူတွေထဲ
တပည့်အရင်း သက်နှင်းက ထိပ်ဆုံးက ပါတယ်
တံခါးကို အတင်းဆွဲဖွင့်၊ စားပွဲထိပ်မှာ ခြေစုံရပ်ပြီး
သက်နှင်း၊ စိန်ကြီး၊ မောင်စိုး၊ ရန်ကြီးအောင် ...ခွေးတွေလို ထိုးဟောင်တော့တာပဲ
လက်မောင်းမှာ ခြင်္သေ့တပ်မ(၁၂)တံဆိပ်နဲ့ ဟောင်သံတွေက
အမှန်တရားကို မသိတဲ့ ကျည်ဆံတွေဖြစ်သွားတယ်
ဟိုမှာ လက်ကာပြပြီး တစ်ခုခုပြောချိန်လေးကိုတောင် မစောင့်နိုင်တဲ့ မိစ္ဆာရဲ့ သံတမန်တွေလေ။
ခန္ဓာကိုယ်တွေထဲ မွှေနှောက်ဖောက်ဝင်သွားတော့တယ်။
သေရမှာမကြောက်တဲ့ ခေါင်းဆောင်ရယ်၊
သူ့ရဲ့ အစိုးရအဖွဲ့ဝင် ၇ ဦးရယ်၊
သက်တော်စောင့်လေး ၁ ဦးရယ်၊
ပြီးတော့ ငါတို့ နိုင်ငံတော်ကြီးရယ် ...
စုစုပေါင်း ကျည်ဆံရာ အချက်(၆၀)။
တန်ဖိုးဖြတ်မရတဲ့လူတွေကို သတ်ရဲတယ်
ဂျစ်ကားစက်ကို မသတ်ရဲတဲ့ကောင်တွေ ...
ဗိုလ်အောင်ကျော်လမ်းအတိုင်း သုခ မောင်းပြေးတဲ့ ကားနောက်မှာ
ယမ်းငွေ့တွေ၊ မီးခိုးငွေ့တွေ ကျန်ခဲ့တယ်၊
အဲ့ဒီ အခိုးအငွေ့တွေကြောင့် ပြည်သူတွေလည်း
နောက်ထပ်မျိုးဆက်(၄)ခုလောက် မှုန်ဝါးသွားတော့တာပေါ့။
ဘာ အနှောင့်အယှက်မှ မရှိဘဲ ဦးစောရဲ့ ခြံထဲကို ပြန်နိုင်ခဲ့ကြသတဲ့။
သေချာလား၊ သေချာရဲ့လား၊ လုံးဝသေချာပြီလား။
တကယ်တမ်းက အဲ့ဒီဂျစ်ကား၊
အစိမ်းရောင်ဂျစ်ကား၊ RC-1814 ...
ငါတို့ ခေါင်းဆောင်တွေ၊
ငါတို့ မျှော်လင့်ချက်တွေ၊
ငါတို့ အနာဂတ်နိုင်ငံတော်၊
ငါတို့ အမြုတေ၊
ပြီးတော့ ငါတို့ ပြည်သူတစ်ယောက်ချင်းစီ ...
အားလုံးကို အရှိန်မလျှော့ဘဲ ဝင်တိုက် ဖျက်ဆီး ချေမွ ပြီးမှ
ကိုးထပ်မြောက်ငရဲကြီးထဲ မောင်းဝင်သွားတာပါပဲ။

ဟိန်း

No comments:

Post a Comment