Tuesday, January 22, 2013

ငြိမ်းချမ်းရေးအတွက်ဆို အရေပြားကိုခင်း အရိုးကိုချွန် သွေးကိုစုပ် ကဗျာတစ်ပုဒ်လုပ်ရေး လိုက်မယ်မဟုတ်လား


မိုင်ထောင်ချီအဝေးရပ်ရောက်နေတဲ့သားတစ်ယောက်
ဗြုန်းကနဲ အမေနဲ့ပြန်တွေ့လိုက်ရတဲ့အခါ။

နှစ်ရှည်လများ
မွန်းကျပ်ပိတ်လှောင်နေတဲ့အခန်းတစ်ခုထဲက
ဆည်ထကျိုးသလို
အပြင်ကို ဝေါကနဲထွေးထုတ်ခံလိုက်ရတဲ့အခါ
လေကောင်းလေသန့် မိတ်ဟောင်းဆွေဟောင်း ချစ်သူအဟောင်းတို့ရဲ့ ရနံ့ကို
ရုတ်တရက်ပြန်ရသွားတဲ့ ဇရာအိုရဲ့ ကညာပျိုဇာတိအိမ်အပြန်ခရီးတစ်ခုလို။


ပုလဲဆိပ်ကမ်းကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ပျံတွေ
အနှေးပြကွက်တစ်ခုနဲ့ နောက်ပြန်ဆုတ်သွားတဲ့အခါ။

ဟီးရိုးရှီးမားနဲ့နာဂါစကီကလူတွေ အရင်အတိုင်း
ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ကလေးကိုယ်ချော့မြူပြီး
ကိုယ့်အတွေးနဲ့ကိုယ်
မနက်ဖြန်အတွက် ရေတံခွန်ကောင်းကောင်းတစ်ခုရွေးနေချိန်မှာ။
အနျုမြူဗုံးတွေက
ချိုးဖြူငှက်ကလေးများလိုလေထဲ
ပြန်လည်ကြွတက် နောက်ပြန်လှည့်သွားတဲ့အခါ။

အဲ့ဒီလိုများ သူဘယ်ကရောက်လာမလဲ
နှလုံးသားတစ်ခုဆီကလား ဦးဏှောက်တစ်ခုဆီကလား နောက်ဘုရားတစ်ဆူဆီကလား
မနေ့ကမွေးထုတ်လိုက်တဲ့ သန်း(၇)ထောင်ပြည့်မြောက် ကမ္ဘာ့ကလေးငယ်တစ်ဦးဆီကလား?

ဘုရားကဟောတယ်
သက္ကာယဒိဌိကိုပယ်တဲ့
ပယ်ကြ ကိုယ့်ကိုယ်ကိုယ်အရင်ပယ်ကြ တော်ရာတော်ကြောင်း လွတ်ရာကျွတ်ရာ သွားနေကြ
ကျွတ်ပြီဆိုပြန်လာခဲ့ကြ
မင်းဟာမင်းမဟုတ်တော့ဘူးဆိုရင်ပြန်လာခဲ့၊ ခင်ဗျားဟာခင်ဗျားမဟုတ်တော့ဘူးဆိုရင်ပြန်လာခဲ့
လောကပါလတရားလေးပါးကို လေးလေးစားစားကိုင်ပြီးပြန်လာခဲ့
အဲ့ဒီကျမှငါတို့ ငြိမ်းချမ်းရေးကိုပြောကြမယ်တဲ့။

ဒီခေတ်ကြီးထဲမှာ ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ငြိမ်းချမ်းရေးအတွက်
သူ့ခန္ဓာ ကျွန်တော့်ခန္ဓာ ဒီမှာ မီးတင်ရှို့ဆုတောင်းလိုက်ဖို့အဆင်သင့်ပဲလို့
တစ်ကမ္ဘာလုံးကပြောနေတယ် ခင်ဗျားတို့ကြားပါရဲ့။ ။
                                                                                                               ခရမ်းပြာထက်လူ

No comments:

Post a Comment