Tuesday, January 22, 2013

မ၀င်းမေသို့အလွမ်း

ဆာလောင်ခြင်းဟာ
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ကိန်းဂဏန်းတစ်ခုအဖြစ်ပြန်ထွက်လာရဲ့
ကျွန်ုပ်အတွက်
သင့်မှာ ဘာတာဝန်မှမရှိပါ
ကျမ်းဂန်က ဘယ်လိုပြောပါလည်း
မင်းကိုငါချစ်နေမြဲ
ဒီဒဏ္ဍာရီရဲ့ လက်တွေ့ကျပုံက
ဇွန်ပန်းများနဲ့ ဖဲချပ်အဟောင်းကလေးတွေ
အဆွေခင်ပွန်းဖွဲ့ခဲ့တာပေါ့
ကိန်းဂဏန်းတစ်ခုက
ပေါင်မုန့်ထဲကို ၀င်ရောက်သွားတယ်
ဆာလောင်ခြင်းအဖြစ် ပြန်ထွက်လာရဲ့
ကြမ်းပိုးတွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပိုးဟပ်တွေအကြောင်းကို ရေးဖွဲ့ရမှာလား
ပြောစမ်းကွာ
မင်းပိုက်ဆံတွေ ငါသုံးခဲ့တာ
ဒီလိုနွေရာသီမှာပေါ့
မင်းတံစက်မြိတ်မှာ ငါခိုခဲ့တာ
ဒီလိုမိုးရာသီမှာပေါ့
မင်းအိပ်ရာမှာ ငါအိပ်ခဲ့တာ
ဒီလိုဆောင်းရာသီမှာပေါ့
သဲလွန်စက
မြို့နဲ့မဆံ့ဘူး
ငါတို့ပျော်ခဲ့ဖူးပုံတွေ တွေးတွေးပြီး
မျက်ရည်ကျရတယ်
တစ်ယောက်တည်း။    ။

နေမျိုး
2003.10.27

No comments:

Post a Comment