Thursday, January 10, 2013

လက်ဖြောင့်ပါစ မြားနတ်မောင်

(တစ်)
မြန်မာမှုနယ်ပယ်၌ မင်္ဂလာတရားနှင့် ပတ်သက်၍ နှစ်မျိုးနှစ်စား ကွဲပြားခြားနားရာ တစ်မျိုးက လောကုတ္တရာမင်္ဂလာဖြစ်ပြီး တစ်မျိုးက လောကီရေးရာမင်္ဂလာ ဖြစ်ပါသည်။ အမျိုးအမည်အားဖြင့် မထင်ရှားသူ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်းလာသဖြင့် မင်္ဂလာတရားဆိုတာဘာဟု ဂေါတမဘုရားရှင်က မိန့်ကြားသော မင်္ဂလာရှိသည့် အခြားအရာတို့မှာ စုစုပေါင်း ၃၈ ခုရှိရာ ယင်းတို့သည် ၃၈ ဖြာမင်္ဂလာအဖြစ် ထင်ရှားပါသည်။ နောက်တစ်မျိုးကမူ နိစ္စဓူဝ-လူမှုလောကထဲ၌ လုပ်ကိုင်ဆောင်ရွက်နေကြသည့် မင်္ဂလာများဖြစ်ပြီး လောကီရေးရာမင်္ဂလာ ၁၂ ပါးအဖြစ် ထင်ရှားပါသည်။ ဤတွင် လောကီရေးရာမင်္ဂလာ ၁၂ ပါးထဲ၌ အာဝါဟ၀ိဝါဟဟူ၍လည်း မင်္ဂလာတစ်ပါးက တစ်မင်္ဂလာကိုပင်လျှင် ပါဝင်၍ နေပါလေသည်။

သတို့သားအတွက် သတို့သမီးကို ဆောင်ယူကာ သတို့သားအိမ်၌ ဆောင်နှင်းသော မင်္ဂလာကို အာဝါဟမင်္ဂလာတဲ့။ သတို့သမီးအတွက် သတို့သားကို ဆောင်ယူကာ သတို့သမီးအိမ်၌ ဆောင်နှင့်သော မင်္ဂလာကို ၀ိဝါဟမင်္ဂလာတဲ့။ လူ့အမျိုးအနွယ်ကြီး အဆက်မပြတ် အဓွန့်ရှည် စီးဆင်းနေသမျှ ကာလပတ်လုံး လုလင်နှင့် လုံမတို့၏ အာဝါဟ၀ိဝါဟ မင်္ဂလာပွဲတို့က ဆင်နွှဲမြဲဆင်နွှဲနေကြမည်သာ ဖြစ်ပါသည်။




နှစ်ယောက်တစ်ဘ၀ တည်ဆောက်ကြရမည့် မိမိတို့၏ ဘ၀ကြင်ဖော်ကို မည်သို့သော နည်းလမ်း၊ မည်သို့သော နှုန်းစံများဖြင့် ရွေးချယ်ကြမလဲ ဆိုသည်ကတော့ဖြင့် ရှုပ်လည်းရှုပ်ထွေးကာ စိတ်ဝင်စားဖို့လည်း ကောင်းလှပါသည်။

အသူရာနတ်မင်းကတော့ သူ၏သမီးတော်နှင့် လက်ဆက်ရမည့်သူအား ပန်းကုံးကို လေတွင်မြှောက်ကာ စွပ်စေခြင်းဖြင့် ဖူးစာရှင်ရှာဖွေခဲ့ရာ အဘိုးကြီးအို ယောင်ဆောင်လာသော သိကြားမင်း၏ လည်ပင်းကို စွပ်မိရာက သမီးတော်အတွက် ဖူးစာရှင်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါလေသည်။ ဇနကမင်းကြီးကမူ သမုဒ္ဒရာကမ်းစပ်တစ်နေရာက ကောက်ယူရရှိလာသည့် သမီးတော်သီတာဒေ၀ီအတွက် ခင်ပွန်းလောင်းကို ဗိုလ်ခြေတစ်ထောင်တင်မှ ရသည့်လေးကို တင်နိုင်သူနှင့်မှဟု ဆိုသည့်အတွက် ယင်းကိုစွမ်းသော ရာမမင်းသားက သီတာဒေ၀ီ၏ ကြင်ဖော်အဖြစ် နေရာရရှိသွားခဲ့ပါလေ၏။ ဒီသာပါမောက္ခ ဆရာကြီးကမူ တပည့်အပေါင်းတို့ကို ကိုယ့်အိမ်ကပစ္စည်း ကိုယ်ပြန်ခိုးခိုင်းခဲ့ပြီး မခိုးဘဲ ပြန်လာသည့် တပည့်နှင့် မိမိ၏သမီးကို လက်ဆက်ပေးခဲ့ပါသည်။

ထိုသို့ ဘ၀ကြင်ဖော်ကို ကံဖြင့်ရွေးတာ၊ ဘုန်းလက်ရုံးတန်ခိုး စွမ်းအားဖြင့်ရွေးတာ၊ ကိုယ်ကျင့်တရားဖြင့်ရွေးတာ စသည် စသည်တို့အပြင် ပညာကိုအခြေခံ၍၊ စိတ်သဘောထားကို အခြေခံ၍၊ မျိုးရိုးအစဉ်အလာကို အခြေခံ၍၊ ဥစ္စာဓနကို အခြေခံ၍၊ ထင်ပေါ်ကျော်ကြားမှုကို အခြေခံ၍၊ ရုပ်ဆင်းအင်္ဂါကို အခြေခံ၍ စသည်ဖြင့် အမျိုးမျိုးသော ပေတံများ အထွေထွေသော စံချိန်စံညွှန်းများဖြင့် သူရွေးကိုယ်ရွေး ရွေးချယ်ကြလေ့ရှိသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ မျက်ရည်ခံမှဲ့ပါလို့ ငြင်းကြ၊ နေ့ချင်းနံချင်း ရန်ဘက်ဖြစ်လို့ ငြင်းကြ၊ တစ်ဦးတည်းသော သားသမီးမဟုတ်လို့ ငြင်းကြ စသည့် ဟင့်အင်း ဇာတ်လမ်းတွေကလည်း ထွေပြားလှပါဘိ။

တစ်ယောက်အကြောင်းကို တစ်ယောက်က အူမချေးခါးကမကျန် အလွယ်တကူ သိရှိနိုင်သော ရွာများ၊ မြို့ငယ်ကလေးများ၌ မိမိ၏ဘ၀ကြင်ဖော် မည်သူဖြစ်သင့်သလဲ ဆိုသည်ကို အကဲဖြတ်ရသည်မှာ အခက်အခဲ တစ်စုံတစ်ရာ မရှိလှသော်လည်း မြို့ပြလူနေမှုဘ၀များ ထွန်းကားလာကာ ဧရာမမြို့ကြီးများအထိ ကျယ်ပြန့်လာသောခေတ်၌ သူဘာလဲ၊ ကိုယ်ဘာလဲဆိုတာ မသေချာ မရေရာသော အနေအထားတွင် ဘ၀အတွက် လူတစ်ယောက်ယောက်ကို ရွေးချယ်ရသည်မှာ တော်တော့ကို မလွယ်ကူသောကိစ္စ ဖြစ်ပါသည်။

(နှစ်)
မြန်မာ့လူမှုဘ၀၌ အောင်သွယ်ခြင်းဟူ၍ ရှိပါသည်။ လုလင်ပျိုနှင့် လုံမပျိုတို့ကို အချင်းချင်းစပ်ဟပ် နားချကာ ဘ၀ကြင်ဖော်အဖြစ် လက်တွဲကြဖို့ အကျိုးဆောင်ပေးသည့်အလုပ်ပင် ဖြစ်ပါသည်။ ကောင်ကလေးက အဘယ်သို့ ကောင်မကလေးက အဘယ်သို့ စသည်ဖြင့် အပြန်ပြန်အလှန်လှန် လွန်းထိုးသွားရောက်ကာ သတင်းထုတ်ပြန်ပေးရသည့် အလုပ်။ သည်သတင်းထုတ်ပြန်မှုကို အခြေခံကာ တကယ်ဟုတ်မဟုတ် ဆိုသည်ကို ကာယကံရှင်က အကဲခတ်ပြီး အင်း၊ ဟင့်အင်း လုပ်ဖို့ပဲ ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင်ကား အောင်သွယ်ခြင်းကို သက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခု အနေဖြင့်ပင် လုပ်ကိုင်နေကြကြောင်း တွေ့နိုင်ပါ၏။

အင်္ဂလန်၌ လန်ဒန်မြို့အခြေစိုက် သတင်းစာတစ်စောင် ရှိခဲ့ဖူးပါသည်။ The Matrimonial Post တဲ့။ အောင်သွယ်သတင်းစာသက်သက်။ ၁၈၆၀ ပြည့်နှစ်က စထုတ်ကာ နှစ်ပေါင်း ၉၀ ကျော်၊ ၁၀၀ အထိ ထုတ်ဝေခဲ့သည့် သတင်းစာဖြစ်ပါသည်။ သတို့သား၊ သတို့သမီး အလိုရှိကြောင်း သတင်းထုတ်ပြန်ပေးသည့် သတင်းစာ။

အိန္ဒိယ၌ ကိုလ်းကတ္တားမြို့တွင် ထုတ်ဝေသော “အမရိတဘဇာ ပက်ထရိက” ကဲ့သို့သော အင်္ဂလိပ်ဘာသာ သတင်းစာကြီးမျိုးတွင် တနင်္ဂနွေအထူးထုတ်များ၌ လင်လိုချင်သည်။ မယားလိုချင်သည်။ သမက်လိုချင်သည်။ ချွေးမလိုချင်သည် စသည့် ကြော်ငြာများမှာ သုံးလေးဆယ်ခန့် ပါလေ့ရှိခဲ့ကြောင်း ဆိုပါ၏။

တရုတ်ပြည်ကဲ့သို့သော နိုင်ငံများ၌ အချို့လမ်းဆုံလမ်းခွရှိ ကြော်ငြာဘုတ်ကြီးများတွင် မိမိ၏ ကိုယ်ရေးအကျဉ်းနှင့် စိတ်သဘောထားများကို ဖော်ပြကာ ချစ်သူကြင်သူ အလိုရှိကြောင်း ကြော်ငြာသည့် လုပ်ငန်းများကိုပင် လုပ်ကိုင်လာကြရာ အားလုံးအသိပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ပင် လွန်ခဲ့သော အနှစ် ၉၀ ၊ ၁၀၀ တစ်ဝိုက်က သတင်းစာများ၌ အောင်သွယ်ကုမ္ပဏီဟု ကြော်ငြာများ ပါဝင်ခဲ့ဖူးကြောင်း အမှတ်အသားရှိပါသည်။
အခုတော့ရော ...။

(သုံး)
ယခုအခါ ရန်ကုန်လို မြို့ကြီးများ၌ လုလင်တို့၊ လုံမတို့ တွေ့ဆုံရင်းနှီးကာ တစ်ဦးကိုတစ်ဦး အကဲခတ်ဖို့ ဆုံးဖြတ်ဖို့ ကိုယ့်နည်းနှင့်ကိုယ် အကျိုးဆောင်ပေးသော လုပ်ငန်းတို့ ရှိနေကြပြီဆိုသောအခါ ကျွန်တော်အံ့သြရပါသည်။

သူတို့အခေါ် One Section ခေါ် သုံးနာရီစာလောက်ကို ငွေ ၅,၀၀၀ မှသည် ၁၀,၀၀၀ အထိ ယူကာ လူငယ်နှစ်ဦး တွေ့ဆုံဖို့ အခန်းပေးသော လုပ်ငန်းတွေ ရှိနေကြလေသတဲ့။ နာမည်ကျော် ဟိုတယ်ကြီးအချို့၌ နိုက်ကလပ်များတွင် သောက်ကြ၊ စားကြ၊ ကကြ၊ ခုန်ကြပြီးနောက် အချင်းချင်း မိတ်ဆက်ကြ ချစ်စကားဆိုကြကာ သင့်ရာတော်ရာ တစ်နေရာရာဆီသို့ ကိုယ့်ကားနှင့်ကိုယ် ထွက်ခွာသွားနိုင်ကြစေရန် ဖန်တီးပေးသော အကျိုးဆောင်လုပ်ငန်းတို့လည်း ရှိနေကြလေပြီတဲ့။ သီချင်းသံ ဒုန်းဒုန်းဒိုင်းဒိုင်းတွေ၏ကြား၊ စီးကရက်မီးခိုးနံ့တွေ၏ကြား၊ ယမကာရနံ့ရီဝေရီဝေ၏ကြား၌ ကခုန်မြူးတူးရင်း ဘ၀ကြင်ဖော်ကို ရှာဖွေကြသည့် အစီအစဉ်တဲ့။ အန္တရာယ်မများလွန်းဘူးလားဟု အတွေးဝင်မိပါသည်။

မျက်နှာကို အ၀တ်စည်းနှောင်ကာ လေးနှင့်မြားကို ကိုင်ဆောင်ရင်း အတောင်ပံကလေးနှစ်ဖက်ကို ခတ်နေသည့် ရောမအချစ်နတ်သား မြားနတ်မောင် (Cupid)၊ ရောမအလှနတ်သမီး ဗီးနပ်စ်(Venus)၏ သားတော် မြားနတ်မောင်(Cupid)၊ သူ့မြားနှင့် ပစ်ခတ်ထိမှန်သူတို့ အချစ်နယ်အတွင်း သက်ဆင်းသွားကြ ရလေ့ရှိသည်ဟုဆိုသော မြားနတ်မောင်(Cupid)၊ ဂရိအချစ်နတ် Eros နှင့် တူညီသည်ဆိုသည့် မြားနတ်မောင်(Cupid)၊ လက်တင်စကား ကျူပီဒို(Cupido)က ဆင်းသက်လာသည်ဆိုသော မြားနတ်မောင်(Cupid) ယနေ့လူငယ်လူရွယ်တို့ကို အညစ်အထေး အစွန်းအထင်း ဘေးအန္တရာယ် တစ်စုံတစ်ရာ မကျရောက်စေဘဲ သူ့အချစ်မြားနှင့် မှန်မှန်ကန်ကန် ပစ်ခတ်နိုင်ဖို့ကတော့ တော်တော့ကို ခက်သွားပြီဟု ထင်ပါသည်။

(လေး)
ဗြိတိန်နိုင်ငံထုတ် Daily Mail သတင်းစာကြီး၌ Virginity Repair ဟူသည့် သတင်းတစ်ပုဒ် ပါဝင်သွားခဲ့ဖူးပါသည်။ အပျိုစင်ဖြစ်အောင် ပြန်ပြင်ပေးသော လုပ်ငန်းဟု ဆိုကြပါစို့။ ဆေးပညာ၌ Hymenoplasty ဟု ခေါ်ပါသည်။ လန်ဒန်မြို့ Harley Street ရှိ အထူးကုစင်တာတွင် ခွဲစိတ်ချိန် မိနစ် ၃၀ ကို ပေါင် ၁,၈၅၀ ယူကာ အပျိုဖြစ်အောင် ပြန်လုပ်ပေးနေသည်မှာ တစ်ရက်ကို သုံးဦးခန့် ရှိလေသတဲ့။

လန်ဒန်မြို့ Regency ဆေးရုံက အတိုင်ပင်ခံ သားဖွားမီးယပ်ပါရဂူကြီး ဒေါက်တာမဂ်ဒီဟန်းကမူ တစ်ဦးကို ပေါင် ၄,၀၀၀ (မြန်မာငွေသိန်း ၆၀ ၀န်းကျင်) ယူကာ အပျိုစင်ဖြစ်အောင် ခွဲစိပ်ဖြတ်တောက် ချုပ်လုပ်ဆောင်ရွက် ပေးနေပါလေသတဲ့။

ကျွန်တော် အံ့သြသွားမိပါသည်။ ခရီးဆောင်လက်ဆွဲအိတ်ကို ပြန်ချုပ်သလို လူကိုပြန်ချုပ်လိုက်ရုံမျှနှင့် အပျိုစင် ဖြစ်သွားလေရော့ သတဲ့လား။ ပျက်ပြိုသွားသည့် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားကို ဘာနဲ့များပြန်၍ ချုပ်လုပ်ရမှာပါလိမ့်။

(ငါး)
အာဝါဟ၀ိဝါဟ မင်္ဂလာမဆောင်နှင်းမီ အကြိုကာလ၌ မည်သူမဆို ဘ၀ကြင်ဖော်လောင်းကို ရှာဖွေကြစမြဲ ဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းမှာ အကဲခတ်၊ ကုမ္ပဏီရုံးခန်းမှာ အကဲခတ်၊ လုပ်ငန်းခွင်ထဲမှာ အကဲခတ်၊ ရပ်ထဲရွာထဲမှာ အကဲခတ်နှင့် အလွဲကြီးလွဲသော ဇာတ်ထုပ်ကို မကမိရလေအောင် အကဲခတ်ကြရစမြဲ ဖြစ်ပါသည်။

သို့သော် နိုက်ကလပ်ခန်းမထဲက သီချင်းသံတွေကြားထဲ၊ စီးကရက်မီးခိုးငွေ့တွေကြားထဲ၊ ယမကာနံ့တွေကြားထဲ၊ အချိန်ပိုင်း တည်းခိုခန်းတွေ ကြားထဲဖြင့် တွေ့မှတွေ့နိုင်ပါ့မလားဟု သံသယကြီးကြီး ၀င်မိပါသည်။

ရောမအချစ်နတ်ဘုရား ကျူပစ်(Cupid)ခေါ် မြားနတ်မောင်ကလေး မှန်မှန်ကန်ကန်မှ ပစ်နိုင်ပါ့မလားမသိ။ တစ်ကြိမ်လွဲ၊ နှစ်ကြိမ်လွဲရုံမျှမက အကြိမ်ကြိမ်အခါခါ လွဲခဲ့သော်ဟူသည့်နောက်မှာ ကျွန်တော်ဆက်ပြီး မစဉ်းစားချင်ပါလေတော့။      ။



မောင်သာချို

No comments:

Post a Comment