Friday, March 1, 2013

အမြဲတမ်းလက်ဖမိုး(သို့မဟုတ်) Ali Farzat



ဟောဒီကမ္ဘာကြီးမှာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့လက်တွေ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေကြတာလဲလို့ တစ်ခါတစ်ခါကျွန်တော်တွေးမိသည်။ ကျုပ်လက်က တိုတိုတုတ်တုတ်ဗျ၊ သမီးလက်က သွယ်သွယ်လှလှလေးရှင့်၊ အန်တီ့လက်က တစ်ပတ်တစ်ခါ ပုံဖော်ထားတဲ့လက်သည်းတွေနဲ့၊ ကျွန်တော်က လက်ချောင်းမှာတက်တူးနဲ့၊ မမလက်က အဆစ်တွေမညီဘူး၊ အဘွားလက်ကတုန်နေပါပြီကွယ်၊ စသဖြင့် ဒီလိုအဖြေတွေပဲပြန်ရမည်ထင်။ ထားတော့။ ဒါကအပေါ်ယံပုံပန်းအသွင်သဏ္ဍာန်များသာ။ ကျွန်တော်ဆိုလိုချင်တာက လက်နှစ်ဖက်ကကျင့်အပ်သောတရား။
တရားကနှစ်ပါးသာ။ လက်ဖမိုးလား၊ လက်ဖ၀ါးလား။ လက်ဖမိုးဆိုတာက မှောက်ထားတာ။ ပေးလိုက်မယ်၊ စွန့်လွှတ်လိုက်မယ်၊ အနစ်နာခံလိုက်မယ် ဆိုသည့်သဘော။ လက်ဖ၀ါးဆိုတာက ဖြန့်ထားတာ။ ယူလိုက်မယ်၊ သိမ်းပိုက်လိုက်မယ်၊ ကိုယ်ကျိုးရှာလိုက်မယ်ဆိုသည့်သဘော။ ကျွန်တော်အကြမ်းဖျဉ်းအချိုးချကြည့်လိုက်ပါသည်။ မျက်စိရှေ့မှာ လက်ဖ၀ါးတွေသာ အလုအယက်ပေါ်လာခဲ့ပေါ့။



ဒီလိုနဲ့ ကျွန်တော်တို့ကမ္ဘာကြီးရဲ့ ရှားရှားပါးပါးလက်ဖမိုးပိုင်ရှင်များဆီ စိတ်ကလွင့်သွားပြန်ပါသည်။ ဂန္ဒီ၊ ချေဂွေဗားယား၊ အိုင်းစတိုင်း၊ နီကိုလာတက်စ်လာ၊ ငုရင်ဗန်ထရွိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗင်းဆင့်ဗန်ဂိုး၊ မာသာထရီဇာ၊ စသည်ဖြင့်။ ထိုပုဂ္ဂိုလ်များမှာ ကမ္ဘာလောကကြီးကို ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့သူများလို့ ဆိုလျှင် မှားမည်မထင်။ ဒီလိုသူရဲကောင်းတွေအတွက် ကဗျာဆရာလှသန်းက "လက်"ဆိုသည့်ကဗျာဖြင့် ဂုဏ်ပြုခဲ့ဖူးပါသည်။

"အဲဒီလက်က အဲဒီလက်ကို လက်တို့ပြီးသတိပေးတယ်
အဲဒီလက်က အဲဒီလက်ကို လက်ဖျားခါလိုက်ပါတယ်"... တဲ့။

ဒါက ကဗျာထဲက စကားလုံးတချို့။ ဒီကဗျာကို ပြန်သတိရနေရင်း မကြာသေးခင်ကကမ္ဘာ့စာနယ်ဇင်းလောကကို ကိုင်လှုပ်ခဲ့တဲ့လက်အစုံဆီကို ကျွန်တော့်စိတ်တွေ ရောက်သွားခဲ့ပါသည်။

သူ့ကို မွေးဖွားခဲ့တာက ၁၉၅၁ခုနှစ်၏ ဇွန်လ ၂၂ရက်နေ့တွင်ဖြစ်သည်။ လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံး ဆီးရီးယားနိုင်ငံ၏ ဟာမာ(Hama)မြို့။ သူက အသက် ၁၄ နှစ်အရွယ်ကတည်းက al-Ayyamသတင်းစာမှာ ရှေ့ထွက်ကာတွန်းဆရာဖြစ်ခဲ့သည်။ သူ့အသက် ၁၉နှစ်အရွယ်၊ ၁၉၇၀ခုနှစ်မှာတော့ ဒမက်စ်ကပ်(Damascus)အနုပညာတက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပြီး ကျောင်းမပြီးခင် ၁၉၇၃ခုနှစ်တွင် ကာတွန်းလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့သည်။ သူကတော့ ၂၀၁၂ခုနှစ်ရဲ့ "လက်မရွံ့သတင်းကာတွန်းဆု"ကို ရရှိထားသည့်၊
ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအရှိဆုံးလူပုဂ္ဂိုလ်(၁၀၀)စာရင်းတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည့်၊ ၁၉၈၀ခုနှစ်ဂျာမနီနိုင်ငံဘာလင်မြို့၏ကာတွန်းပြပွဲတစ်ခုတွင် ပထမဆုရရှိခဲ့သည့်၊ ပြင်သစ်အခြေစိုက်(Le Monde)သတင်းစာ၏ ပင်တိုင်ကာတွန်းဆရာဖြစ်သည့်၊
၁၉၈၉ခုနှစ်တွင် တစ်ကိုယ်တော်ကာတွန်းပြပွဲကို ပြင်သစ်မှာပဲကျင်းပခဲ့သည့်
အလီဖာဇက်(Ali Farzat)ပင်ဖြစ်ပါသည်။ သူ့ရဲ့လက်က ဘယ်လိုလက်မျိုးလဲ။ လက်ဖမိုးလား၊ လက်ဖ၀ါးလား။ မကြာခင်မှာပဲ အဖြေထွက်လာခဲ့သည်။ သူ၏ ပထမဆုံးပြပွဲက ပဲရစ်မြို့မှာ။
အမည်က "ဗိုလ်ချုပ်ကြီးနှင့်အဆောင်အယောင်များ"တဲ့။ အာဏာရှင်ဆက်ဒမ်ဟူစိန်ကို ထိထိမိမိလှောင်ပြောင်ခဲ့တဲ့ကာတွန်းတွေဖြစ်သည်။ ထိုကာတွန်းတွေထဲက တစ်ကွက်မှာ ငတ်မွတ်နေသောပြည်သူများကို အစားအစာများအစား စစ်ဘက်ဆိုင်ရာဆုတံဆိပ်များပေးကမ်းနေသော အာဏာရှင်တစ်ဦးပုံလည်း ပါဝင်သည်။ ထိုသို့သော ကာတွန်းများကြောင့် အီရတ်၊ ဂျော်ဒန် နှင့် လစ်ဗျားနိုင်ငံတို့က သူ့ကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့သည်။ သူရဲ့ကာတွန်းဆွဲသက်တမ်း အနှစ် ၃၀အတွင်းတွင် နိုင်ငံတကာဆုပေါင်း ၁၃ ဆုနှင့် နိုင်ငံတကာပြပွဲပေါင်း ၃၁ပွဲကို ပြသနိုင်ခဲ့သည်။
အလီဖာဇက်သည် ၂၀၀၁ခုနှစ်က စတင်၍ al-Domain(မီးအိမ်ရှင်)အမည်ရှိ အပတ်စဉ်ထုတ်နိုင်ငံရေးစာစောင်တစ်ခုက ဦးစီးထုတ်ဝေခဲ့သည်။ နိုင်ငံတွင်းက ခြစားမှုများ၊ မတရားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကိုထောက်ပြသရော်သည့် ကာတွန်းများဝေေ၀ဆာဆာဖော်ပြခဲ့သဖြင့် ပထမဆုံးစာစောင်သည် ၄နာရီအတွင်း စောင်ရေ ၅၀၀၀၀ကျော်ချက်ချင်းကုန်သွားအောင် ရောင်းအားကောင်းခဲ့လေသည်။ သို့သော် အစိုးရ၏ဖိနှိပ်မှုများ၊ တင်းကြပ်သောဆင်ဆာဥပဒေများကြောင့် ၂၀၀၃ခုနှစ်တွင် စာစောင်မှာ ပိတ်သိမ်းခံလိုက်ရသည်။ ဒါတွေက သူရွေးချယ်ခဲ့သောလမ်းကြောင်း၊ သူပိုင်ဆိုင်ခဲ့သော လက်အစုံ၏တန်ဖိုးတွေပင်။

ဆီးရီးယားနိုင်ငံ၏ လက်ရှိသမ္မတအာဆတ်သည် သမ္မတမဖြစ်မီက အလီဖာဇက်၏ မိတ်ဆွေတစ်ဦးဖြစ်သည်။ သို့သော် ရွေးကောက်ခံမဟုတ်သော၊ အာဏာရှင်စနစ်ကိုဦးဆောင်သော အာဆတ်ကို ဆန့်ကျင်သည့်အဓိကရုဏ်းများ၊ လူထုအုံကြွမှုများဖြစ်ပေါ်လာချိန်တွင် အလီဖာဇက်မှာ ပြည်သူလူထုဘက်မှ မားမားရပ်တည်ခဲ့သည်။ ဆီးရီးယားအုံကြွမှုကြီး မတ်လ ၁၅ရက်၊ ၂၀၁၁ခုနှစ်တွင် စတင်ခဲ့ချိန်မှာတော့ အလီဖာဇက်သည် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သော ကာတွန်းများ ပြတ်ပြတ်သားသားရေးပါတော့သည်။ ကာတွန်းတစ်ခုတွင် မိန့်ခွန်းပြောနေသော ပုဂ္ဂိုလ်တစ်ဦးပုံကို ရေးဆွဲထားသည်။ သူပြောနေသည့်စကားတွေက အသည်းပုံလေးတွေ၊ ပန်းပွင့်လေးတွေ။ သဘောကတော့ ငြိမ်းချမ်းမှုတွေ၊ အကြင်နာတရားတွေပေါ့။ သူ့ခေါင်းကိုကြည့်လိုက်တော့ ခေါင်းပုံစံကသေနတ်ကြီးဖြစ်လို့နေသည်။ နောက်ကာတွန်းတစ်ခုတွင် မိန့်ခွန်းပြောဖို့အခမ်းအနားပြင်ဆင်နေပုံ။ လူပုံသဏ္ဍာန်အရုပ်တွေကို ထိုင်ခုံတွေပေါ်နေရာချနေသည့် လူတစ်ဦး။ သဘောကတော့ နားထောင်သူမရှိ၊ ထောက်ခံသူမရှိ၊ အဓိပ္ပါယ်မရှိသည့် စကားတွေကို ပရိသတ်အတုဖြင့်ပြောဦးမည်ပေါ့လေ။ နောက်ပုံတစ်ခုမှာတော့ လူတစ်ဦးက ထိုင်ခုံတစ်ခုဆီသွားဖို့ ကြားထဲတွင်ရှိသောကျင်းချိုင့်ကြီးအား အလောင်းများဖြင့်ဖို့၍နေပုံ။ ခေါင်းဆောင်နေရာတစ်ခုရဖို့ ပြည်သူတွေကို သတ်ဖြတ်ချနင်းလိုက်သည့်သဘော။ နောက်ထပ်တစ်ခုက ဆင်းရဲသားပြည်သူတစ်ဦး၊ အမှန်တရားဘက်တော်သားတစ်ဦးက ၁+၁=၂ ဟုဆိုနေသဖြင့် အစိုးရဘက်တော်သားတစ်ဦးက ဂုတ်ကိုအတင်းဆွဲခေါ်နေပုံ။ တရားသူကြီး(သို့)ခေါင်းဆောင်ကြီးကတော့ ၁+၁=၅ဟု ဇွတ်ပင်ဆိုနေပေသည်။ ဒီလောက်ဆို အလီဖာဇက်၏ ခံယူချက်နှင့်အမှန်တရားအပေါ်ချစ်မက်စိတ်ကို ကျွန်တော်တို့သိရှိရိပ်မိပြီ။

























တစ်ခါတစ်ခါတွင် မတရားဖိနှိပ်သော အာဏာရှင်ခေါင်းဆောင်တို့ကို ကျွန်တော်တို့ကျေးဇူးတင်ဖို့ကောင်းသည်။ သူ့အလိုလိုသူရဲကောင်းဖြစ်ပြီးသား၊ သူ့အလိုလိုပြည်သူ့ဘက်တော်သားဖြစ်ပြီးသား၊ သူ့အလိုလိုကမ္ဘာကြီးကလေးစားပြီးသား ပုဂ္ဂိုလ်တို့ကို ပို၍ပို၍သူရဲကောင်းဖြစ်အောင်၊ ပို၍ပို၍ပြည်သူ့အချစ်တော်ဖြစ်အောင်၊ ပို၍ပို၍ကမ္ဘာကြီးက အာရုံစိုက်မိအောင်တွန်းပို့ပေးတတ်ကြသည်။ ဒါကလည်း အာဏာရှင်၊အာဏာရူးတို့၏ ကိုယ့်အားနည်းချက်ကို မှေးမှိန်သွားအောင်ဖုံးကွယ်ရင်း မတော်တဆဖြစ်သွားကြသည့်ကိစ္စ။
သို့သော် ထိုသို့ပြုလုပ်ရင်းက သူရဲကောင်းတို့ကို ကမ္ဘာကြီးက မှတ်မှတ်ထင်ထင်ရှိလာလေသည်။ ထို့အတူ အလီဖာဇက်၏ဂုဏ်သတင်းသည် ကမ္ဘာ့မီဒီယာလောကကြီးကို ကိုင်လှုပ်ပစ်လိုက်၏ ။

အချိန်က သြဂုတ်လ ၂၅ရက်၊ ၂၀၁၁ခုနှစ်။ ပြည်သူ့ကာတွန်းဆရာအလီဖာဇက်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင်များက ဒမက်စ်ကပ်မြို့လယ်ခေါင်တွင် ကားထဲမှဆွဲထုတ်ပြီးရိုက်နှက်ခဲ့သည်။ သူ၏လက်နှစ်ဖက်ကို အဓိကထားပြီးပြင်းပြင်းထန်ထန်ရိုက်ချိုးအပြီးတွင် လက်နက်ကိုင်တို့က စကားတစ်ခွန်းပြောသွားခဲ့သည်။
"နောက်တစ်ခါမင်း ငါတို့အစိုးရကိုလှောင်ရဲလှောင်ကြည့်စမ်း၊ ဒါက အကင်းပဲရှိသေးတယ်"

သေလုမျောပါးဒဏ်ရာများဖြင့် အလီဖာဇက်ကိုလေယာဉ်ကွင်း၏တစ်ဖက်၊ လူသူပြတ်လပ်သောနေရာတွင်တွေ့ခဲ့ကြရသည်။ တွေ့ခဲ့ရသူများကဆေးရုံသို့ပို့အပြီး ကမ္ဘာကြီးက ဒီသတင်းကို သိသွားတော့သည်။
ကမ္ဘာ့အနုပညာရှင်အပေါင်း၊ ကမ္ဘာ့မီဒီယာအပေါင်းတွင် ဆီးရီးယားအာဏာပိုင်များသည် ရစရာမရှိအောင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသည်။ အမေရိကန်နိုင်ငံကလည်း "ဒါဟာ ကြိုတင်ကြံစည်ထားတဲ့ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်မှု" ဟု သဘောထားထုတ်ပြန်ခဲ့သည်။ သွေးတစက်စက်ကျနေသော လက်နှစ်ဖက်ကိုပတ်တီးစီးထားချိန်တွင်
အလီဖာဇက်က "ကျွန်တော်ဟာ အာဏာရှင်စနစ်ကိုတိုက်ဖျက်ဖို့မွေးဖွားလာတဲ့ ကာတွန်းဆရာပါ"ဟု ဆိုခဲ့သည်။ ကမ္ဘာ့ပုံနှိပ်စာစောင်များ၊ အွန်လိုင်းဝဘ်ဆိုက်ဒ်များတွင် အလီဖာဇက်ကိုဂုဏ်ပြု၍ ဆီးရီးယားအစိုးရကိုလှောင်ပြောင်သောကာတွန်းများဝေေ၀ဆာဆာထွက်ပေါ်လာခဲ့သည်။
ထိုပုံများထဲတွင် သမ္မတအာဆတ်ကိုကလောင်တစ်ချောင်းက ထိုးစိုက်လိုက်သဖြင့်ယိုင်နဲ့သွားခဲ့ပုံ၊ အာဏာပိုင်များက အလီဖာဇက်၏လက်များကို ရိုက်ချိုးနေချိန်တွင် အလီဖာဇက်က ပြည်သူတို့အတွက်ခြေထောက်ဖြင့်ကာတွန်းဆွဲပေးနေပုံ၊ အလီဖာဇက်၏လက်နှစ်ဖက်ကပတ်တီးစီးထားသော်လည်း နောက်ထပ်လက်ချောင်းများက
ပတ်တီးကြားမှ ထိုးထွက်လာနေပုံ၊ အလီဖာဇက်တွင် နတ်ဘုရားများကဲ့သို့ လက်၁၀ဖက်ခန့်ရှိပုံတို့ ပါဝင်သည်။ BBCသတင်းဌာနမှ အာရပ်အရေးသုံးသပ်သူတို့ကလည်း အလီဖာဇက်သည် ဆီးရီးယားပြည်သူတို့၏သူရဲကောင်းဟုဖော်ပြခဲ့သည်။
Facebook၊ Twitter စသောလူမှုကွန်ရက်များတွင်လည်းအလီဖာဇက်၏ပုံကို profile picture တင်၍ ဂုဏ်ပြုခဲ့ကြသည်။ ဒါက ကဗျာဆရာလှသန်း၏ကဗျာထဲက လက်တို့ပြီးသတိပေးခဲ့သော်လည်း အမှန်တရားကိုမကြောက်မရွံ့မြတ်နိုးခဲ့သဖြင့် ကျွန်တော်တို့ကမ္ဘာကြီးကလက်ဖျားခါလိုက်ရသော လက်အစုံလေ။



ဒီဖြစ်ရပ်၏အရှေ့တွင်လည်း ဆီးရီးယားအာဏာရှင်တို့ကို ဆန့်ကျင်သူအနုပညာရှင်များလည်းလုပ်ကြံခံခဲ့ရသည်။ အစိုးရကို ဆန့်ကျင်သောစာများရေးသားသည့် စာရေးဆရာတစ်ဦးသည်ဖမ်းဆီးနှိပ်စက်ခံခဲ့ရဖူးသည်။
အလီဖာဇက်၏လက်များ ရိုက်ချိုးမခံရမီ တစ်လခန့်တွင်တော့ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သောသီချင်းများ ရေးသားသူ အီဗရာဟင်အလ်ကွာရှာ့ခ်ျ(Ibrhim al-Qashoush)သည် သူ၏အသံအိုးကို လှီးထုတ်အသတ်ခံခဲ့ရသည်။
အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ခြင်းအပြင်းထန်ဆုံးတစ်နိုင်ငံ၊ လူ့အခွင့်အရေးချိုးဖောက်မှုအများဆုံးတစ်နိုင်ငံ။ ထိုသို့သောဆီးရီးယားနိုင်ငံတွင် ဒီလို ကိစ္စမျိုးသည်သိသိကြီးနှင့် ခေါင်းငုံ့ခံနေရသော အဖြစ်အပျက်များသာဖြစ်သည်။

အလီဖာဇက်သည် စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သောကာတွန်းများသာမဟုတ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စစ်နှင့်ငြိမ်းချမ်းရေးတို့ကိုလည်းအလေးပေးဖော်ထုတ်ခဲ့သူဖြစ်သည်။ ပုံတစ်ခုတွင် လူအများကမတ်တပ်ရပ်နေကြသည်။ လူတစ်ဦးကတော့ သစ်ပင်များကို လွှဖြင့်ဖြတ်လှဲနေသည်။ ထို့နောက် လူများက သစ်ငုတ်တိုတွေပေါ်တက်ထိုင်ကြ၊ လွှဖြင့်တိုက်ခဲ့သူကြီးကတော့ သစ်ပင်တွေစိုက်ကြဖို့ အားပါးတရပြောကြားနေပုံ။ နောက်ထပ်ကျွန်တော်သဘောကျမိသည်ကစစ်ဝတ်စစ်စားအပြည့်ဖြင့် စစ်သားကဓာတ်လှေကားဖြင့်အပေါ်တက်မည့်ပုံ။ ငြိမ်းချမ်းရေးဟုသောလက်ဆွဲအိတ်ကို ကိုင်ထားသူက နံဘေးရှိရိုးရိုးလှေကားမှတက်မည့်ပုံ။ စစ်နဲ့ငြိမ်းချမ်းရေးဘယ်သူအပေါ်အရင်ရောက်မှာလဲ၊ ဘယ်သူက ပိုပြီးခရီးတွင်မှာလဲဟူသည့်သဘော။ နောက်ထပ်တစ်ပုံမှာ ထိုင်ခုံကြီးကတစ်လုံးတည်း။ သို့သော်ထိုင်ခုံငယ်များစွာက ဖြာထွက်နေပုံ။ သဘောကတော့ အာဏာရှင်တစ်ဦးနေရာရလျှင် သူ့ဆွေမျိုးအပေါင်းအပါများပါ နေရာရနေသည်ပေါ့။ အလီဖာဇက်၏ ပြောင်မြောက်လှသောကာတွန်းတွေမှာ နောက်ထပ်များစွာကျန်သေးသည်။
ဒီလိုရဲရဲတောက်ကာတွန်းဆရာ၊ ဒီလိုရဲရဲတောက်ကာတွန်းတွေကို ကမ္ဘာကြီးက မသိခံနိုင်ရိုးလား၊ မလေးစားခံနိုင်ရိုးလားဗျာ။



အလီဖာဇက်ကတော့ ဒီလိုသူ၏လက်တွေ ပြင်းပြင်းထန်ထန်ပျက်စီးသွားသည်ကိုပင် နောင်တလုံးဝမရ။ သတင်းဌာနတစ်ခု၏ တွေ့ဆုံခန်းတစ်ခုတွင် သူကဒီလိုဆိုခဲ့သည်။
"ဆီးရီးယားလူထုအုံကြွမှုကြီးဟာ နိုင်ငံရဲ့အနုပညာအဆင့်အတန်းကိုလည်းသတ်မှတ်ပေးလိုက်တာပဲဗျ။ ဒီလိုမတရားမှုတွေကြောင့်လူထုအနုပညာရှင်စစ်စစ်နဲ့ ကြေးစားအနုပညာရှင်တွေကို ခင်ဗျားတို့ပြတ်ပြတ်သားသားမြင်လိုက်ရတယ်မဟုတ်လား။ အတုအယောင်ကြေးစားအနုပညာရှင်တွေထဲမှာ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေလည်းပါတာပဲ။ သူတို့တွေ ဒီပွဲမှာရှုံးတယ်ပေါ့ဗျာ။ တော်လှန်ရေးကမွေးထုတ်ပေးလိုက်တဲ့အနုပညာရှင်တွေဆိုတာ ဘယ်လိုဖိနှိပ်မှုတွေရှိရှိ၊ ဘယ်လိုကန့်သတ်မှုတွေရှိရှိ အမှန်တရားရဲ့သွေးခုန်နှုန်းတွေနဲ့ ဒီလမ်းပေါ်မှာဆက်လျှောက်နေမှာပဲ။ ဘယ်တော့မှလမ်းမပျောက်ဘူး"။

ကျွန်တော်တို့ခဏခဏတွေးကြသည်။ ကျွန်တော်တို့ခဏခဏပြောကြသည်။ နိုင်ငံတစ်ခု၏ ဒီမိုကရေစီအနှစ်သာရတွင်လွတ်လပ်စွာပြောဆိုခွင့်လည်းအပါအ၀င်ဖြစ်သည်။ ပြီးတော့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ လွတ်လပ်သောသတင်းထုတ်ပြန်ရေးတို့သည်သာမဟုတ်။ အနုပညာရှင်တို့၏ အနုပညာထုတ်ကုန်များကလည်း နိုင်ငံ၏ ဒီမိုကရေစီပီပြင်မှုတွင် အရေးကြီးနေသည်ကို မမေ့သင့်။ အင်္ဂလိပ်ကဗျာဆရာရှယ်လီ(Shelly Percy Bysshe - 1792-1822)က
"ကဗျာဆရာဆိုတာ ကမ္ဘာပေါ်မှာအသိအမှတ်ပြုခြင်းမခံရတဲ့ ဥပဒေပြဋ္ဌာန်းသူတွေပါ"တဲ့။ ဟုတ်ပါသည်။ ကဗျာဆရာများသာမက ပန်းချီဆရာ၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ လူရွှင်တော် စသည့်ပုဂ္ဂိုလ်များကလည်း အမှားအမှန်၊တရားခြင်းမတရားခြင်း၊ ဖိနှိပ်မှုလွတ်လပ်မှုတို့ကို သူ့နည်းသူ့ဟန်ဖြင့် ထုတ်ဖော်မျှဝေနေသူများပင်။ သို့သော်တစ်ခုရှိသည်က ရပ်တည်မှုလမ်းကြောင်းအမှန်ဖြစ်ဖို့တော့လိုသည်ပေါ့။ လက်ဖမိုးဖြစ်နေဖို့တော့လိုသည်ပေါ့။ ကိုယ်ကျိုးမရှာဖို့တော့လိုသည်ပေါ့။ သည်လိုပုဂ္ဂိုလ်များအတွက် ကဗျာဆရာစည်သူငြိမ်းက ကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည်။ ခေါင်းစဉ်က "ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ်"တဲ့။

ဗြိတိသျှအင်ပါယာကို ငြင်းဆိုတယ်
ဘုန်းတော်ဘွဲ့ကို မရေးဘူး
ဝေလမင်းသားရဲ့ ရွှေစင်ဒင်္ဂါးကို
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ငြင်းတယ်
မျိုးချစ်စိတ်ဓါတ်ကို မငြင်းဘူး။

“ကိုယ့်လမ်း ကိုယ်သွားကြစို့ ”
အေသင်မြို့အုပ်ချုပ်ရေးအဖွဲ့ ရဲ့ တောင်းဆိုချက်ကို ငြင်းတယ်
ဆိုကရေးတီးဟာ အဆိပ်ခွက်ကို မော့သောက်လိုက်တယ်။

ကိုအောင်ဆန်းကို ရှောင်နေတယ်
အစိုးရခန့်မယ့် ရာထူးကို ငြင်းတယ်
ဆရာဒဂုန်တာရာဟာ ကဗျာကို မငြင်းဘူး။

ဒါကြောင့်
သူတို့ ဖြစ်ခဲ့ကြတယ်။ ။

ကဗျာကထိုမျှသာ။ အနက်ကရှင်းပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ဝေလမင်းသားအတွက်ဘုန်းတော်ဘွဲ့ကိုမရေးခဲ့။ ဗြိတိသျှအင်ပါယာ၏ရွှေဒင်္ဂါးများကိုငြင်းခဲ့သည်။ ကိုယ့်လူမျိုးအတွက်တော့ဆရာကြီးကမငြင်း။ ဆိုကရေးတီးသည် သူ့ခံယူချက်၊ သူ့အယူအဆအတွက် ပြန်လည်တောင်းပန်ပြင်ဆင်ပေးဖို့ငြင်းခဲ့သည်။ အေသင်မြို့အုပ်ချုပ်ရေးအဖွဲ့ကို ခေါင်းခါ၍ အဆိပ်ခွက်ကိုခပ်ရဲရဲမော့ချခဲ့လိုက်သည်။ ဆရာကြီးဒဂုန်တာရာက သူ့သူငယ်ချင်းကိုအောင်ဆန်း၏ အစိုးရအဖွဲ့ဝင်အဖြစ်ကမ်းလှမ်းခြင်းကို ငြင်းခဲ့သည်။ ကဗျာကိုမငြင်း၊ ကဗျာအပေါ်တွင်သစ္စာမယွင်း။
"ဒါကြောင့် သူတို့ဖြစ်ခဲ့ကြသည်" တဲ့။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ အလိုတော်ရိတစ်ဦးအဖြစ် ဝေလမင်းသားဘုန်းတော်ဘွဲ့ကဗျာကိုရေးခဲ့သော် ခုချိန်သူ့နာမည်က ကျွန်တော်တို့ရင်ထဲမှာကျန်ပါ့မလား။ ဆိုကရေးတီးသာ "ကျွန်တော်မှားပါတယ်ဗျာ"ဟု ပြောခဲ့လျှင် သူ့နာမည်ကို ကမ္ဘာကသိပါဦးမလား။ ဆရာကြီးဒဂုန်တာရာသာ အစိုးရအဖွဲ့ထဲပါခဲ့လျှင် ခုချိန်ကျွန်တော်တို့ သူ့ကိုလေးစားပါဦးမလား။ ဒါတွေကို သူတို့ငြင်းခဲ့သောကြောင့်သာ ခုချိန်ထိသူတို့နာမည်၊ သူတို့ဂုဏ်သိက္ခာသည် ကမ္ဘာတည်သရွေ့တည်ရှိနေခြင်းပင်။ ကျွန်တော်သည်သာ ဘာသာစကားပြန်ဆိုကျွမ်းကျင်သူတစ်ယောက်ဖြစ်လျှင်၊ အလီဖာဇက်နှင့်စကားပြောခွင့်ရခဲ့လျှင်
လက်ဖမိုးတွေအကြောင်းပြောရင်း၊ လက်ဖ၀ါးတွေအကြောင်းပြောရင်း "လက်"ကဗျာနှင့်"ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ်"ကဗျာနှစ်ပုဒ်ကို အားရပါးရရွတ်ပြလိုက်ချင်ပါဘိ။ အားရပါးရခံစားပြလိုက်ချင်ပါဘိ။ အားရပါးရလေးစားဂုဏ်ပြုလိုက်ချင်ပါဘိ။



ဟိန်း

၂၈.၂.၁၃

ကိုးကား-

en.wikipedia.org/wiki/Ali_Farzat
www.ali-ferzat.com/
www.guardian.co.uk/
ဆရာလှသန်း(လက်)
ဆရာစည်သူငြိမ်း(ကိုယ့်နာမည်ကို ကိုယ်ရေးထိုးကြတယ်)


No comments:

Post a Comment