Monday, March 4, 2013

ပြန်လျော်ပေးလို့ ဆိုသူတွေရဲ့ ကမ္ဘာ

ပြန်လျော်ပေး

အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုးကို ပြန်လျော်ပေး
ပြန်လျော်ပေး
ညီ ညီမလေးတွေကို
ပြန်လျော်ပေး
ကျွန်တော့်ကို ပြန်လျော်ပေး
ကျွန်တော်နဲ့ ဆက်စပ်နေတဲ့
လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့
ငြိမ်းချမ်းရေးကို ပြန်လျော်ပေး ။   ။


ကျွန်တော့်မှတ်စုစာအုပ်တစ်နေရာမှာ ကူးယူထားခဲ့သော ကဗျာလေးတစ်ပုဒ်ပဲ ဖြစ်ပါသည်။ ဆရာရဲမြလွင်က ဂျပန်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုခဲ့သော ကဗျာကလေးတစ်ပုဒ်။ သည်ကဗျာကို မူလတန်းကျောင်းသားကလေးတစ်ယောက်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ တော်ဂဲဂိကျိ(Toge Kichi) တဲ့။ အဏုမြူဗုံးဒဏ်ကြောင့် ဝေဒနာခံစားနေစဉ်ရက်များအတွင်း မကွယ်လွန်မီ ဆေးရုံပေါ်မှာ ရေးဖွဲ့သွားခဲ့သည့် ကဗျာတဲ့။

သည်ကဗျာလေးကို ဟီရိုရှီးမား ကမ္ဘာ့ငြိမ်းချမ်းရေးပန်းခြံအတွင်းရှိထိုကလေးငယ်၏ အုတ်ဂူ၌ ထည့်သွင်းထားသည်ကို တွေ့သဖြင့် ကူးယူခဲ့ကာဘာသာပြန်လိုက်ခြင်းဖြစ်ကြောင်း ရဲမြလွင်က မှတ်ချက်ရေးထားခဲ့ပါသည်။

သြော်............ပြန်လျော်ပေး ... တဲ့။

ကျွန်တော်နာကျင်စွာပြုံးမိပါသည်။ ပြန်လျော်ပေး။ ဘယ်သူတွေက ဘာတွေနဲ့ ဘယ်လိုလျော်ကြမလဲ။ ငွေနဲ့လား။ ရွှေနဲ့လား။ ဒေါ်လာဘယ်နှစ်သန်းလဲ။ ရွှေဘယ်နှစ်တန်လဲ။ ကားဘယ်နှစ်စီး။ တိုက်ဘယ်နှစ်လုံး။ လေယာဉ်တင်သင်္ဘောဘယ်နှစ်စင်း။ လျော်လို့ကျေပါ့မလား။ မိဘဘိုးဘွား မောင်နှမသားချင်း သူငယ်ချင်းတွေကို အသက်ရှင်လျက် ပြန်တွေ့ရသလို အခြေအနေမျိုးရောက်အောင် ဘာတွေနဲ့ ဘယ်လောက်အထိ ကျွန်တော်တို့က လျော်ကြမှာတဲ့လဲ။

တကယ်တော့ ပေးလျော်လို့ မရနိုင်သော ထိခိုက်နာကျင်မှုတွေက ကမ္ဘာပေါ်မှာ အနှံ့အပြားပဲဖြစ်ပါသည်။

ဟင်္သာတတက္ကသိုလ် ရူပဗေဒဌာန၌တွဲဖက်ပါမောက္ခတစ်ဦးရှိပါသည်။ ဆရာက တစ်ကိုယ်တည်းသမား လူပျိုကြီးဖြစ်ပြီး အမြဲတမ်းလိုလို သူ့လက်စွဲတော် စက်ဘီးကလေးတစ်စီးနှင့်။
ခုတော့သူ စက်ဘီးစီးမရတော့။ လမ်းလည်းကောင်းကောင်းလျှောက်မရတော့။ ထော့နင်းထော့နင်း။ ကျောင်းသွားကျောင်းပြန် ဆိုက်ကားတစ်စီးနှင့်၊ လှေကားထစ်တွေဘာတွေကို တက်မရတော့။ ရူပဗေဒဌာနက မြေညီထပ်မှာရှိနေသေးလို့ တော်ပါသေးရဲ့ဟု ကျွန်တော့်စိတ်ကို ဖြေရသည်။ နောက်ပိုင်း အငြိမ်းစားတွေ ဘာတွေယူပြီးတဲ့အခါ ဆရာ ဘယ်လိုနေမှာပါလိမ့်ဆိုသော အတွေးကတော့ ကျွန်တော့်ကို စိတ်မောစေသည်။

တကယ်တော့ဒါတွေကို ရမ်းကားသော ဆိုင်ကယ်သမားတစ်ယောက်က ဖန်တီးလိုက်ခြင်းပင်။ ဆရာ့စက်ဘီးကို ဖြတ်တိုက်လိုက်ရာက ခြေထောက်အပိုင်းပိုင်းအတစ်တစ် ကျိုးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။
သူ့မဆင်ခြင်မှု၊ သူ့ရမ်းကားမှု၊ သူ့ဥာဏ်အမြော်အမြင် ချွတ်ခြုံကျမှုတို့အတွက် သူဘယ်လောက်ပေးလျော်ခဲ့သလဲ ကျွန်တော်မသိပါ။ နှစ်သိန်း၊ သုံးသိန်း၊ ငါးသိန်း တစ်စုံတစ်ရာ သူပေးလျော်ခဲ့လေမပေါ့။ သို့သော် ဆရာ့ဘ၀ကတော့ ဘယ်လိုမှ အကောင်းအတိုင်းမဖြစ်နိုင်တော့။ သက်ဆုံးတိုင်ဒုက္ခိတဘ၀ကို ခံစားပေတော့။
ဒါကြောင့် အရာရာကို အလျော်ပေးလို့ရသလားဆိုသည့် မေးခွန်းကို ကျွန်တော်က မေးလိုက်ခြင်းဖြစ်ပါသည်။

ဟစ်တလာလို သွေးဆာသူ လူတစ်ယောက်ကြောင့် ကမ္ဘာစစ်မီးကြီးတောက်ခဲ့ရကာ အသက်အိုးအိမ်စည်းစိမ်တွေ အများအပြားပျက်သုဉ်းခဲ့ရ၏။ ဆက်ဒမ်ဟူစိန်လို ရက်စက်ခက်ထန်သူတစ်ယောက်ကြောင့် အီရတ်ပြည်သူပြည်သားတွေ အသတ်ခံခဲ့ကြရ၏။ စတာလင်လို အာဏာရှင်တစ်ယောက်ကြောင့် ရှရှားနိုင်ငံသား အများအပြား၏ ဘ၀တွေ ကျိုးကြေခဲ့ရ၏။

ကျွန်တော်တို့ ဘယ်လို လျော်ကြေး ပေးကြမလဲ။
ကျေအောင်ပေးလို့ရော ရနိုင်ကြပါစ။

တိုက်တာ အိမ်ခြေတွေ လူ့အသုံးအဆောင်ပစ္စည်းတွေကို ကျွန်တော်တို့ လျော်လို့ရပါသည်။ ကားတစ်စီးကို ကားတစ်စီးနှင့် အလျော်ပေးနိုင်ပါသည်။ နွားတစ်ကောင်ကိုလည်း နွားတစ်ကောင်နှင့် အလျော်ပေးနိုင်ပါသည်။ တယ်လီဖုန်းတစ်လုံးကိုလည်း တယ်လီဖုန်းတစ်လုံးနှင့်အလျော်ပေးနိုင်ပါသည်။
လူကို ဘာနဲ့ ကျွန်တော်တို့ အလျော်ပေးကြမလဲ။
ကိုယ့်အဖေ ကိုယ့်အမေ ကိုယ့်သား ကိုယ့်မယား၊ ကိုယ့်ခြေထောက် ကိုယ့်လက် ကိုယ့်အသက် ကိုယ့်မျက်လုံး၊ ကိုယ့်စိတ် ကိုယ့်ခံစားမှု၊ ကိုယ်ယုံကြည်ရာကို လူတစ်ယောက်ယောက်က၊ အဖွဲ့အစည်းတစ်ခုခုက၊ စစ်ပွဲကြီးတစ်ပွဲက ဒါမှမဟုတ် ဆိုင်ကယ်တစ်စီး၊ မော်တော်ကားတစ်စီး၊ လူရမ်းကားတစ်သိုက် စသည်တို့က ချိုးချေဖျက်ဆိးပစ်လိုက်သောအခါ ဘယ်လိုလုပ်အလျော်ပေးကြရပါ့။

ဂျပန်ကဗျာဆရာလေး တော်ဂဲဂိဂျိကိုလည်း ဘာနဲ့မှ ကျွန်တော်တို့ ပြန်လျော်လို့မရ။ ရူပဗေဒဆရာ၏ အပိုင်းပိုင်းအတစ်တစ်ကျိုးသွားသော ခြေထောက်ကိုလည်း ကျွန်တော်တို့ လျော်လို့မရ။

လူ့ဘ၀သို့ တစ်ခေါက်တစ်ခါ ရောက်လာကြသူများအချင်းချင်း လူနှင့် လူ့ဘ၀ကို ထိခိုက်နာကျင်အောင် လုပ်သော အမှုလောက် ဆိုးသည့်အမှု ဤကမ္ဘာပေါ်၌ ရှိမည်ဟု ကျွန်တော်မထင်ပါ။

လူကို အလျော်ပေးရသည်ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်သော အလုပ်မဟုတ်ပါလား။


မောင်သာချို


No comments:

Post a Comment