Saturday, January 18, 2014

ဖားကန့်အစ ကြယ်ဂေါင်အဆုံး

Photo



(တစ်)

ကျွန်တော်တို့မြန်မာတွေက နာမည်ပေးကင်ပွန်းတပ်ရာ၌ တစ်ဖက်ကမ်းခတ်သူတွေများ ဖြစ်လေမလားဟု မကြာခဏ အတွေးဝင်မိပါသည်။ ကြည့်ပါဦး“မှော်”တဲ့။

မဟာပထ၀ီမြေကြီး၏အောက်ကနေ လူသားတို့အတွက် အဖိုးတန်သယံဇာတများ ထုတ်ဝေပေးတတ်သည့်နေရာတွေကို နာမည်ပေးထားသည်က “မှော်”တဲ့။ ရွှေတူးဖော်လျှင်ရသည့်နေရာတွေကို “ရွှေမှော်”၊ ရေနံတူးဖော်လျှင် ရသည့်နေရာတွေကို “ရေနံမှော်”၊ ကျောက်စိမ်းတူးဖော်လျှင် ရသည့်နေရာတွေကို “ကျောက်စိမ်းမှော်”၊ ပတ္တမြားတူးဖော်လျှင်ရသည့်နေရာတွေကို “ပတ္တမြားမှော်”တဲ့။ တကယ့်တကယ်ဆိုလျှင် မှော်၏အနက်အဓိပ္ပာယ်ကလုပ်ကွက်။ သို့သော် ဂမ္ဘီရဆန်ခြင်းတွေ၊ ပဉ္စလက်ဆန်ခြင်းတွေ၊ အိပ်မက်ဆန်ခြင်းတွေ၊ ပုစ္ဆာဆန်ခြင်းတွေကလည်း ထို“မှော်”ဆိုသောစကားလုံးထဲ၌ နစ်မြုပ်ပါဝင်နေပုံရပါသည်။ ဒါကြောင့်...မှော်။

ကမ္ဘာကျော်ပန်းချီဆရာကြီး ဗင်းဆင့်ဗင်ဂိုး (Vincent Vangogh)၏အကြောင်းကို ဆရာမြသန်းတင့်က “မှော်ရုံတောမှာမောလှပြီ”ဟု ဘာသာပြန်ဆိုခဲ့သလို မှော်ရုံတောအသီးသီးထဲမှာ ကျွန်တော်တို့နိုင်ငံသားတွေ မောခဲ့ကြလှပေါ့။



(နှစ်)

မှော်တွေထဲမှာ ကျောက်စိမ်းမှော်တွေကလည်း တော်တော့ကိုနာမည်ကြီးပါသည်။ ဖားကန့်တစ်ဝိုက်မှာများဆိုလျှင် ကျောက်စိမ်းမှော်တွေချည်း။

ကချင်ပြည်နယ် ဖားကန့်တစ်ဝိုက်က တောင်များကို ကချင်ဘာသာဖြင့် “လုံဆဲန်း”ဟုခေါ်ကြရာ “လုံ”ကျောက်“ဆဲန်း”က အစိမ်းရောင်ဖြစ်သဖြင့် မြစိမ်းရောင်ကျောက်တောင်တန်းကြီးများဟု အဓိပ္ပာယ်ဖွင့်ရလိမ့်မည်ဖြစ်ပါသည်။ သည်တောင်တန်းကြီးတွေအောက်မှာက မြစိမ်းရောင်ကျောက်တွေ။

ကမ္ဘာပေါ်၌ အဓိကကျောက်စိမ်းနှစ်မျိုးရှိပါသည်။ Jadeite နှင့် Nephrite ။ ဖားကန့်ကျောက်စိမ်းက Jadeite အမျိုးအစား။ လူကြိုက်များသည့်ကျောက်စိမ်း။

ကျောက်စိမ်းက မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်းက တူးဖော်ခဲ့ကြပုံရပါသည်။ အေဒီတစ်ရာစုကနေ လေးရာစုအထိ ထွန်းကားခဲ့သည်ဆိုသော ဗိဿနိုးမြို့ဟောင်းကို ရှေးဟောင်းသုတေသနဌာနကတူးခဲ့ရာ ကုန်းအမှတ် ၁၅ ကိုတူးတော့ ပုတီး ၇၀၈ လုံးတွေ့ခဲ့ပြီး သုံးလုံးက ကျောက်စိမ်းပုတီးလုံးများဟုဆိုပါသည်။

ကုန်းဘောင်ခေတ်ကမူ ဘိုးတော်ဘုရားက မိုးကောင်းမြို့၌ အကောက်ခွန်အရာရှိတစ်ယောက်ကိုပင်ထားရှိကာ ကျောက်စိမ်းကနေ ၃၃ ရာခိုင်နှုန်း အခွန်ဖြတ်တောက်ပါလေသတဲ့။

ဥရောပသားတွေထဲကမူ ရုက္ခဗေဒပညာရှင်လည်းဖြစ်၊ ဆရာဝန်လည်းဖြစ်သည့် ဂရိဖစ် (D.W.Griffith)ဆိုသူသည် ၁၈၄၇ ကတည်းက ဖားကန့်အလွန် ဆိုင်းတောင်ခေါ် ဆိပ်မူသို့ရောက်လာပြီး ကာလကတ္တား၌ပင် ထိုဒေသအကြောင်း အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ပါသေး၏။

ထို့နောက် တရုတ်ကုန်သည်တို့ ယူနန်နယ်စပ်ကိုဖြတ်ကာ ကွမ်းယုံလျမ် (Kum Yung Lien)နှင့် ချန်ဆိ (Chan Si)တို့မှတစ်ဆင့် ကျောက်စိမ်းကမ္ဘာထဲသို့ ရောက်လာခဲ့ကြပြီး ကျောက်စိမ်းကို ငွေသားအလေးချိန်ဖြင့်စက်၍ လဲခဲ့ကြောင်းလည်း အမှတ်အသားများ ရှိခဲ့ကြပါသည်။

မင်းတုန်းမင်းလက်ထက်တွင် ကျောက်စိမ်းဥပဒေထုတ်လျက် အခွန်တော်ကို စည်းကြပ်ခဲ့ကြပြီး ၁၈၈၅ အလွန် ကိုလိုနီခေတ်ကမူ တရုတ်ကုန်သည်တို့က တစ်နှစ်ကို အခွန်တော်ငွေတစ်သိန်းပေးကာ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့ကြကြောင်းလည်း မှတ်တမ်းမှတ်ရာများရှိပါသည်။

ဦးနေ၀င်းက နိုင်ငံတော်အာဏာကို ၁၉၆၂ တွင်သိမ်းအပြီး ၁၉၆၃ ၌ လူလုပ်သားအင်အား ၄၈၀၀၀ နှင့် ကျောက်စိမ်းတူးခဲ့ကြကာ ၁၉၆၄ ကစ၍ ပြည်သူပိုင်သိမ်းပြီးသည်နှင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဒေသဆိုင်ရာအာဏာပိုင်များကို အခွန်ပေးကာ ကျောက်စိမ်းတူးသော လော်ပန်ခေတ်ကို ရောက်လာပြန်ပါသည်။ လော်ပန်ခေါ်သူဌေးလောင်းက စရိတ်စက အကုန်လုံးကိုစိုက်ထုတ်၊ ကျင်းသားတွေက သံတိုင်ကိုခြောက်ပေါင်၊ ရှစ်ပေါင်တူကြီးများဖြင့်ထုကာ ကျောက်စိမ်းကိုတူး၊ ကျောက်အောင်လျှင် လော်ပန်ကတစ်ဝက်၊ ကျင်းသားတွေကတစ်ဝက်။ အကုန်လုံး သူဌေးလောင်းအိပ်မက်မက်သည့်ခေတ်။ သည်ခေတ်ကြီးကို အယ်ဒီးလာရေးသည့် “လော်ပန်လောင်း”ဆိုသည့်သီချင်းထဲ၌ ကျွန်တော်တို့နားဆင်ခဲ့ကြရပြီးဖြစ်ပါသည်။ ဆိုသူက ကိုအောင်ဆန်း။

“ကျောက်တူးသမားလေးရဲ့ ရည်းစားလေးမို့ ...အားမငယ်ပါနဲ့ကွယ်...ဘ၀သံသရာလောကရဲ့အလယ်မှာ ဆင်းရဲသူရယ်၊ ချမ်းသာသူရယ် အများကြီးရှိပါတယ်...။ ကံမကြုံသေးလို့ သံတိုင်ကိုင်ပြီးကျောက်တူးရတာ အထင်တော့မသေးပါနဲ့ တကယ်တော့ ကျောက်တူးသမားများဟာ လော်ပန်လောင်းတွေပါ”စသည် စသည်။

၁၉၉၀ အလွန်နှစ်တွေတွင်ကား သီချင်းထဲကလော်ပန်လောင်းအိပ်မက်တွေ ရုတ်တရက် ပြိုကျသွားပါသည်။ မည်သူမှ လော်ပန်လောင်းခေါ် သူဌေးကောင်းမဖြစ်နိုင်တော့။ ကုမ္ပဏီအကြီးကြီးတွေက စက်ယန္တရားအကြီးကြီးများဖြင့် မှော်တောထဲကိုဝင်ရောက်လာကြသောကြောင့် ဖြစ်ပါသည်။ တစ်နိုင်တစ်ပိုင်တူးသူတွေ နောက်ဆုတ်။ လော်ပန်လောင်းတွေရော၊ ကျင်းသားတွေရော တော်တော်များများတို့ ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်သွားကုန်ကြပြန်ပါသည်။ လခစား။

လော်ပန်ခေတ်တုန်းက သံတိုင်ဖြင့် ကျောက်စိမ်းတူးသည့်ခေတ်ဖြစ်ရာ Under Ground Mining Method ခေါ် မြေအောက်လိုဏ်ခေါင်းတူးသည့်စနစ်ဖြင့် တူးသူကများပါသည်။ စက်ယန္တရားကြီးများခေတ်သို့ ရောက်သောအခါ open Cut Mining Method ခေါ် ဟင်းလင်းဖွင့်တူးသည့်စနစ်ဖြင့် တူးကုန်ကြပါသည်။ တောင်တန်းကြီးတွေ နေ့မြင်ညပျောက်။ အလဲလဲအပြိုပြို။

(သုံး)

တစ်လောက ခင်မေဇော်(၀ါရှင်တန်ဒီစီ)ဘာသာပြန်ဆိုသည့် “ကျောက်စိမ်းအင်ပါယာက ဒေါ်လာသန်းရှစ်ထောင်”ဟူသည့် ဆောင်းပါးတွင် ၂၀၁၁-၂၀၁၂ တွင် ဖားကန့်က ကျောက်စိမ်းကီလိုဂရမ် ၄၃ သန်းထုတ်ရာ တစ်ကီလိုကို ဒေါ်လာ ၁၀၀ နှင့်ပဲ တွက်ဦးတော့ ဒေါ်လာသန်း ၄၃၀၀ ရသင့်ကြောင်း၊ သို့သော် တရားဝင်ဒေါ်လာ ၄၃ သန်းသာရကြောင်း ဖတ်လိုက်ရပါသည်။ ဟားဗတ်အက်ရှ်စင်တာကမူ ၂၀၁၁ ၌ မြန်မာ့ကျောက်စိမ်း ဒေါ်လာသန်း ၈၀၀၀ ဖိုး အရောင်းအ၀ယ်ဖြစ်သည်ဟု ဆိုပါသည်။ မူရင်းစာရေးသူက Andrew R.C. Marshall ။ သြော်.. ကချင်ပြည်နယ်က သယံဇာတများ။

မူဆယ်ကနေ ဧည့်ကတ်ပြားကို မြန်မာကျပ်ငွေ ၁၀၀၀ ပေးလုပ်ပြီး ကိုင်ဆောင်ကာ ခြေလှမ်းဆယ့်လေးငါးလှမ်း လှမ်းဝင်လိုက်ရုံမျှဖြင့် တရုတ်ပြည်ကြယ်ဂေါင်သို့ ရောက်ရှိသွားနိုင်ပါသည်။

ကြယ်ဂေါင်ဘက်မှာ ကျောက်စိမ်းဈေးရှိပါသည်။ ဗိုလ်ချုပ်ဈေးထက်မကကိုကြီးသည့် ကျောက်စိမ်းဈေးကြီး။ ဘာကိုလိုချင်ပါသလဲ။ လက်စွပ်၊ လက်ကောက်၊ နားကပ်၊ ဘယက်၊ အရွယ်ရွယ်အစားစား။ လက်ရာမြောက်လွန်းတဲ့ ကျောက်စိမ်းရတနာလက်ဝတ်လက်စားတွေ။ အိမ်ထောင်ပရိဘောဂတွေ။ ကံတရားနှင့်ဆက်စပ်သည်ဟု ယူဆလို့လားမသိ။ တရုတ်လူမျိုးတွေ ခြေချင်းလိမ်လို့။ သားတန်းငါးတန်းထဲ တိုးဝင်ရသလို ၀ယ်သူတွေ ဖွေးဖွေးလှုပ်လှုပ်ဖြစ်နေသည့် ကျောက်စိမ်းဈေးကြီး။ ငိုင်ငေးကာ အတွေးနှင့်ရပ်ကြည့်နေခဲ့ဖူးပါသည်။ တိုင်းပြည်အတွက် ပြည့်ပြည့်၀၀လည်းမရ။ ကုန်ကြမ်းကို တူးရောင်းရသူတွေမို့ ထိုက်ထိုက်တန်တန်လည်းမရ။ တရုတ်လှပျိုဖြူကလေးတွေက စမတ်ကျကျဝတ်စားဆင်ယင်ကာ ကျောက်စိမ်းကမ္ဘာကြီးထဲမှာ အိမ်ရှေ့မိဖုရားစတိုင်လ်နဲ့ထိုင်လို့။

သြော်.. ရင်ကိုခွဲကာ အသည်းကိုလှီးဖြတ်ပြီး ရောင်းစားခဲ့ရသည့် နေရက်များ။              ။



မောင်သာချို

7Day News
အမှတ်(၃၈)

No comments:

Post a Comment