Saturday, January 18, 2014

လမ်းသူရဲကဗျာမရှိတဲ့ ဇဂျမ်းကန်မြဲမှာ

Photo



(တစ်)
အညာက လူတစ်ယောက်။ ၀၀နှင့်ညိုညိုကြီး။ ပါးစုန့်ကြီးတွေထွက်လို့။ သူဝပုံက လက်ချောင်းကလေးတွေ၊ ခြေချောင်းကလေးတွေ တိုတိုတုတ်တုတ်ဖြစ်ကုန်သည်အထိကို ၀သည့်ပုံမျိုး။ ၀မ်းဗိုက်က ဖိုးဝရုပ်ကြီးလို ဖိုင့်ဖိုင့်အိုင့်အိုင့်။ ရယ်လိုက်လျှင် မျက်လုံးတွေက လုံးဝနီးပါးကြီးကို ပိတ်၍သွားကာ အပြုံးက ကလေးငယ်တစ်ယောက်၏ အပြစ်ရှာ၍မတွေ့နိုင်သည့် အပြုံးမျိုး။

သူ့လက်တိုတိုတုတ်တုတ်တွေကြားထဲမှာ ဖက်ကြမ်းဆေးပေါ့လိပ်တစ်လိပ်ကို အမြဲလိုလိုတွေ့ရတတ်ပါသည်။ သူ့သမီးက သူ့ကို ဆေးလိပ်မသောက်ရဘူး အမိန့်ထုတ်တော့ မိခင်ကို ပူဆာတတ်သော ကလေးငယ်လေးတစ်ယောက်၏ အရည်လဲ့သောမျက်လုံးကြီးတွေနှင့် ဖေဖေ့ဘ၀မှာ မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်မိတာ လုပ်ပါရစေ သမီးရယ်ဟု ဆိုလေသောအခါ သမီးစိတ်တွေ တင်းမခံနိုင်ပါလေတော့။ သြော်...မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်တာပါ သမီးရယ်တဲ့။ ဖေဖေ့ကို ခွင့်ပြုပါတဲ့။

မကောင်းတာဆိုလို့ သည်တစ်ခုပဲလုပ်တာပါဟုဆိုလေသူ ထိုလူတစ်ယောက် မြန်မာနိုင်ငံကို နိုင်ငံရေးမုန်တိုင်းကြီး ခြုံသိုင်းကာ မွှေခဲ့၊ နှောက်ခဲ့သော အချိန်တစ်ချိန်မှာတော့ ဘ၀တစ်ခုလုံး ဖရိုဖရဲနှင့် အပြိုပြိုအကွဲကွဲတွေ ဖြစ်ခဲ့ရဖူးပါသည်။

မြန်မာနိုင်ငံအတွင်း၌ စစ်ထောက်လှမ်းရေးတို့ မိုးရောလေပါ ကောင်းခဲ့စဉ်နှစ်ကာလများအတွင်း၌ ထိုသူ အကျဉ်းတိုက်ထဲသို့ ရောက်ရှိ၍သွားခဲ့ပါသည်။ ၁၉၉၁ ဒီဇင်ဘာ ၁၁ ကနေ ၁၉၉၅ ဖေဖော်ဝါရီ ၄ ရက်အထိ။

သြော် ... မကောင်းတာဆိုလို့ ဆေးပေါ့လိပ်ကလေးသောက်တာတစ်ခုပဲ ရှိပါတယ်လို့ သမီးကို ဆိုးနွဲ့ပူဆာခဲ့လေသူ ဆရာတင်မိုး။ ဇဂျမ်းကမြဲဟု လူတွေအသံထွက်လေ့ရှိသည့် မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက ဇဂျမ်းကန်မြဲ ရွာသားကြီးဆရာတင်မိုး။ သူ့အပေါင်းအသင်းရောင်းရင်းတို့က ဟေ့လူ ကိုဘဂျမ်းဟု အညာလေဖြင့် အားရပါးရအခေါ်ခံရလေသူ ဆရာတင်မိုး။

ထိုဇဂျမ်းကန်မြဲသားတွေက ဆရာတင်မိုးမရှိတော့မှ ဇဂျမ်းကန်မြဲသို့ ကျွန်တော်တို့ကိုခေါ်ပါသည်။ မန္တလေးက ဆရာကိုလေး (အင်းဝဂုဏ်ရည်)၊ ကိုနေ၀င်းမြင့်နှင့် မခင်ခင်ထူး။ ရန်ကုန်က ဆရာချစ်ဦးညို၊ ကိုအော်ပီကျယ်နှင့် ကျွန်တော်။

အညာမှာ အရိုးကွဲအောင်အေးနေသည့် ရက်တွေထဲမှာမှ ဖန်မီးအိမ်ကလေးကို ချိတ်ဆွဲထားသည့် ဇဂျမ်းကန်မြဲ၏ စာပေဟောပြောပွဲစင်မြင့်ရှိရာဆီသို့ ကျွန်တော်တို့ကို လှမ်းခေါ်လိုက်ခြင်းပင် ဖြစ်ပါသည်။



(နှစ်)
ဇဂျမ်းနှင့် ကန်မြဲက နှစ်ရွာတစ်ရွာဟုဆိုရလောက်အောင် ခြံစည်းရိုးကလေးမျှသာခြားသည့် ရွာနှစ်ရွာဖြစ်ပါသည်။ အညာလေဖြင့် ဇဂျမ်းကမြဲဟု တွဲခေါ်လေ့ရှိသော ရွာကြီးနှစ်ရွာ။ ယခုအထိ နွားဖြင့်ကြိတ်သည့် ဆုံဆီစစ်စစ်ကို စားနေကြဆဲရွာ။ ပုံးရည်ကို လတ်လတ်ဆတ်ဆတ်ကျို၍ စားနေဆဲရွာ။ ရှောက်ရွက်ကို ပယ်ပယ်နယ်နယ်သုပ်၍ စားနေကြဆဲရွာ။

သည်ဇဂျမ်းကန်မြဲကနေ ဆရာတင်မိုးကိုမွေးပါသည်။ မြန်မာနိုင်ငံအနှံ့အပြား ခြေဖ၀ါးမကျဖူးသော နေရာမရှိလောက်အောင် ခရီးနှင်ခဲ့ဖူးကြသည့် ကျွန်တော်တို့ တောင်သာ၊ မြင်းခြံ၊ ပုဂံ၊
ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ပခုက္ကူဒေသများသို့ အကြိမ်ကြိမ်ရောက်ပါလျက် ဘာ့ကြောင့်များ ဆရာတင်မိုး၏ရွာကလေးကို ကွက်ကွက်ပြီး ကျန်နေမိခဲ့ရပါလိမ့်။

ဆရာတင်မိုး၏သမီးက ကဗျာဆရာကြည်အောင်ထံသို့ပေးသည့် စာတစ်စောင်တွင် “တောကဆင်းရဲတဲ့အဖေနဲ့ ပိုက်ဆံအသင့်အတင့်ရှိတဲ့ မြို့ကအမေ”ဟု သူ့မိဘနှစ်ပါးကို ရည်ညွှန်းထားခဲ့ဖူးလေရာ ဆရာတင်မိုး ချို့ငဲ့ကြုံလှီစွာဖြင့် ဘ၀ကိုကျော်လွှားခဲ့ရသည်မှာကား အထူးပြောစရာမရှိပါလေ။

ရေစကြိုကနေ ဆယ်တန်းအောင်သူဖြစ်၍ သူ့ခုံနံပါတ်က Y2G-74 ။ အချိန်က ၁၉၅၇ ခုနှစ်။ မြန်မာတစ်နိုင်ငံလုံး မြန်မာစာမှာ အမှတ်အများဆုံး။ ၁၉၅၈ တက္ကသိုလ်တွေဖွင့်တော့ ရန်ကုန်တက္ကသိုလ်သို့လည်း မောင်ဘဂျမ်း ရောက်မလာ။ မန္တလေးတက္ကသိုလ်သို့လည်း မောင်ဘဂျမ်းရောက်မလာ။ ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခဦးဧမောင်က ပညာရေးဝန်ကြီးဦးသန်းအောင်ကို မောင်ဘဂျမ်းကိုစုံစမ်းခိုင်း၊ မန္တလေးတက္ကသိုလ် မြန်မာစာဌာနကို မောင်ဘဂျမ်း တက္ကသိုလ်ဆက်တက်နိုင်အောင် လှမ်းပြီးစီစဉ်ခိုင်းနှင့် ဇဂျမ်းကန်မြဲသား ကဗျာဆရာကြီး တက္ကသိုလ်ပရ၀ဏ်ထဲသို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်ပါသည်။

ဆရာတင်မိုး၏ ပထမဦးဆုံးကဗျာစာအုပ်က “ဖန်မီးအိမ်”။ သည်ဖန်မီးအိမ်ကလေးကို မန္တလေးတက္ကသိုလ်၏ တံစက်မြိတ်၌ သူချိတ်ဆွဲလိုက်သည်မှာ ၁၉၆၂။

နောက်တော့ ပန်းဈေးခင်း ၁၉၆၇။ စိမ်းလန်းသောအိပ်မက် ၁၉၆၉။ လှေတစ်စင်းနှင့်သီချင်းသည် ၁၉၇၂။ နှင်းဆီပွင့်ပေါ်အိပ်ပျော်ခြင်း ၁၉၇၃။ ပုဂံကျောင်းကခေါင်းလောင်းသံ ၁၉၇၇။ ကံ့ကော်တောကအိပ်မက်များ ၁၉၉၆။ ကန္တာရနှစ်များ ၁၉၉၈။ ဗုဒ္ဓနှင့်တွေ့ဆုံခြင်း ၂၀၀၀ စသည် စသည်။

ဆရာတင်မိုးက သူ့ကဗျာတစ်ပုဒ်ဖြစ်သော “ဇဂျမ်းကန်မြဲမှာ”ထဲတွင် ဇဂျမ်းကန်မြဲမှာ၊ လမ်းသရဲကဗျာမသိ၊ ပေါ်ပင်ကိုမော်ဒင်လုပ်တဲ့၊ ဇာတ်ရှုပ်တွေမရှိ။

စသည်ဖြင့် ထည့်သွင်းဖွဲ့ဆိုခဲ့ဖူးပါသည်။ သူဖွဲ့သည့်အတိုင်း သူ့ကဗျာတို့ကလည်း ရိုး၍ကြည်ကာ စိတ်ကိုချမ်းမြေ့စေပါသည်။

စံပယ်ပွင့်ကလေးများ၊ ပြေးပွဲပြိုင်ပွဲ၊ ဆန်းသစ်စ၊ မမ၀၀ စသည့် ကလေးကဗျာကလေးတွေကိုတော့ စာသင်သားတိုင်း ကျောင်းက စာသင်ခန်းတွေထဲမှာ ရွတ်ဆိုဖူးခဲ့ကြသည်ချည်းပင် ဖြစ်ပါသည်။ ဆရာတင်မိုး၏ လက်ရာတွေပဲပေါ့။

ထိုဆရာတင်မိုးတစ်ယောက် ၁၉၉၅ ဖေဖော်ဝါရီ ၄ ရက်မှာ ထောင်ကထွက်အပြီး စစ်ထောက်လှမ်းရေး၏ မိုးကောင်းကင်အောက်မှာ ဘာစာမှရေး၍ မရတော့သည့်အတွက် သူ့သမီးရှိရာ ဘယ်လ်ဂျီယံသို့ ထွက်သွားပါသည်။ ပြည်ပ၌ရှိနေစဉ် အမေရိကန်အသံ (VOA)ကနေ ကျွန်တော့်ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် “ကျွန်တော်ပုသိမ်က ပြန်လာတော့”ဆောင်းပါးကိုပင် အစအဆုံးဖတ်နေပါသေးသည်။

၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်တွင်ကား ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်မြို့ရှိ လက်ဖက်ရည်ဆိုင်ကလေးတစ်ဆိုင်မှာ ထိုင်နေစဉ် ဇဂျမ်းကန်မြဲသားကြီးကိုဘဂျမ်း ဘယ်တော့မှ ပြန်မထတော့စတမ်း လဲကျသွားခဲ့ရခြင်းပင် ဖြစ်ပါသည်။

(သုံး)

ဇဂျမ်းကန်မြဲ၌ အ.ထ.က ကျောင်းဆောင်ဖွင့်ပွဲကလေးကို ၁-၆-၁၉၉၁ က ကျင်းပခဲ့ကြရာ ဆရာတင်မိုးက ကဗျာတစ်ပုဒ်လက်ဆောင်နှင်းပါသည်။ “ပညာတံခါးပွင့်သောနေ့” တဲ့။ ယင်းကဗျာကို ကျောက်တိုင်၌ထွင်းထားရာ ကဗျာကိုဖတ်မရအောင် ဆေးတွေနှင့်သုတ်လို့ ဖျက်ဆီးထားခဲ့ဖူးပါသည်။ အခုစစ်ထောက်လှမ်းရေးအလွန်ကာလ၌ သည်ကဗျာကို ဖတ်၍ရအောင် ပြန်လည်ပြုပြင်ထားပါပြီ။

“ယောင်ယောင်နန၊ အမှောင်ကျသည့် သန်းခေါင်ညများ ပျောက်လေပြီ။ ပညာမိုးခေါင်၊ မျိုးမအောင်၍ ဆူးတောင်တွေထ၊ ကန္တာရမှ ရွာမရေကန်၊ ကမ်းပြည့်လျှံအောင် ၀သန်မိုးကြီးရွာလေပြီ။ ဇဂျမ်းကန်မြဲ၊ ပန်းတွေကြဲသို့ ပုလဲတမျှ၊ အ.ထ.က ဟု ပညာ့တံခါးပွင့်လေပြီ။

ဇဂျမ်းကျောင်းက ပန်းကောင်းရောင်စုံ၊ ဖူးပွင့်ကုန်ပြီ အရုဏ်ဦးအလှ၊ ပန်းခူးကြ။

ဇဂျမ်းကျောင်းက ခေါင်းလောင်းထိုးသံ၊ ဟိန်းဟိန်းညံပြီ စာအံစာကျက်၊ အလိမ္မာဖက်၍ နက်ဖြန်ခေတ်သစ်တည်ဆောက်ကြ”

သည်ကဗျာကို ဖတ်မရအောင် ပိတ်ထားရာက အခုမှဖတ်၍ရကြခြင်းဖြစ်ပါသည်။

ဆရာတင်မိုး ပြည်ပ၌ရှိနေစဉ် ထိုင်းဘက်ကနေ မြန်မာနိုင်ငံကို လာလာပြီး ကြည့်သည်ဟုဆိုပါသည်။ ဇွတ်ပြန်ဖို့လုပ်ခဲ့သည်ဟုလည်း ဆိုပါသည်။ ထောင်ကျချင်ကျကွာတဲ့။ ထောင်ပိုင်ကလည်း မြန်မာ၊ ထောင်မှူးကလည်း မြန်မာ၊ ထောင်ကျတွေကလည်း မြန်မာ၊ မြန်မာတွေကြားမှာ ငါနေချင်တာတဲ့။

တောင်သာကနေပဲသွားသွား၊ ငါ့သရောက်ကနေပဲလာလာ၊ ညောင်ဦး မြင်းခြံ ကားလမ်းဘေး ဘိန်းနွယ်ကုန်းသို့ လမ်းကနေပဲ ဖဲ့ဆင်းဆင်း ဇဂျမ်းကန်မြဲသို့ ကျွန်တော်တို့ ရောက်သွားနိုင်ပါသည်။

သြော် ...ပုပ္ပားတောင်ကြီးကို လှမ်းလှမ်းပြီး မြင်နေရတဲ့ ထနောင်းပင်ကလေးတစ်ပင်ပင်ရဲ့အောက် ဒါမှမဟုတ် တမာပင်ကလေးတစ်ပင်ပင်ရဲ့အောက်မှာ မြန်မာနဲ့အညာကို သိပ်ချစ်တဲ့ ကိုဘဂျမ်းဆိုတဲ့ ဆရာတင်မိုးရဲ့အလောင်းကို ကျွန်တော်မြှုပ်နှံချင်လိုက်တာ။ တစ်ခုတည်းသော မကောင်းမှုပါလို့ ခွင့်ပန်ရှာတဲ့ ဆေးပေါ့လိပ်ကလေးတွေလည်း သူနဲ့အတူ ထည့်ပေးလို့ပေါ့။ သိပ်များများကြီး မဟုတ်ပါဘူး။ လေး၊ ငါးလိပ်လောက်။           ။


မောင်သာချို

7Day News
အမှတ်(၄၅)

No comments:

Post a Comment