Saturday, January 18, 2014

ဆရာကြီးရွှေဥဒေါင်းရဲ့ ထမင်းစားပွဲနဲ့ ဆင်းလိုက်တိုင်းလွဲတဲ့ ဘူတာရုံများ

Photo

(တစ်)
ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း၏ ချို့ယွင်းချက်များကို ပြောကြဆိုကြသောအခါ ရှုထောင့်အသီးသီးမှနေ၍ ခေါင်းစဉ်ကွဲအမျိုးမျိုးဖြင့် ထောက်ပြကြရာ အချိန်ကိုမလေးစားခြင်းဟူသည့် ခေါင်းစဉ်ကလည်း နာမည်ကျော်ခေါင်းစဉ်ကြီးတစ်ခုအဖြစ် ပါဝင်တတ်မြဲဖြစ်ပါသည်။

ဟုတ်ပါသည်။ အချိန်ဆိုသည်မှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက်ကတော့ တော်တော့ကို ပေါပေါလောလောရရှိထားသည့် သဘာဝ၏ လက်ဆောင်တစ်ခုလို ဖြစ်၍နေပါသည်။

ဂျက်ကွမ်းခြံကုန်းဟူသည့် ကလောင်အမည်ကွဲဖြင့် အချိန်နှင့်ပတ်သက်ရာ ရယ်စရာ၊ မောစရာကလေးများကို ကျွန်တော် မကြာခဏရေးဖူးပါသည်။ ရယ်စရာနောက်မှာ မောစရာတွေ ဗရပွနှင့် အကြောင်းအရာတွေပဲဖြစ်ပါ၏။



(နှစ်)
တစ်ခါက ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးဂိတ်ရှိ လက်မှတ်အရောင်းဌာနတစ်ခုမှာ ကြိုတင်လက်မှတ်တစ်စောင်ဝယ်ဖြစ်ပါသည်။ ဟင်္သာတမြို့သို့သွားရန်ကိစ္စ။

ကျွန်တော်က အချိန်နှင့်အမျှ ရုန်းကန်လှုပ်ရှားရသူဖြစ်သည့်အတွက် ကားထွက်ချိန်ကလေးကို တိတိကျကျပြောပေးဖို့ မေတ္တာရပ်ခံမိပါသည်။ တိတိကျကျသာပြော၊ တိတိကျကျသာထွက်။ အချိန်အတိုင်းအတိအကျထွက်သွားရ၍ ကျွန်တော်ရောက်မလာခဲ့သော် ကျွန်တော့်ကိုမစောင့်နှင့်။ လက်မှတ်ဖိုးဆုံးသွားသည့်တိုင် ကျွန်တော်စိတ်မဆိုး။ အကယ်၍ အမှန်တကယ် ကားထွက်မည့်အချိန်ထက် တစ်နာရီ၊ နှစ်နာရီ စောချိန်းခဲ့ပါက ထိုတစ်နာရီ၊ နှစ်ရာရီသည် ကျွန်တော့်အတွက် အလုပ်လုပ်ချိန်များဖြစ်ရာ နှမြောလွန်းသောကြောင့် တကယ်ထွက်မည့်အချိန်ကိုသာ သတင်းအမှန်ပေးရန် ကျွန်တော်က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။

လက်မှတ်အရောင်းတာဝန်ခံပြောပုံက ဤသို့ဖြစ်ပါသည်။ “ကဲ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ လက်မှတ်မှာရေးထားတဲ့ ကားထွက်ချိန်က ဆယ်နာရီခွဲ၊ ဒါပေမဲ့ တကယ်ထွက်မှာက ဆယ့်တစ်နာရီ။ ဆရာ့ကိုတော့ ကျွန်တော်တို့ ဆယ့်တစ်နာရီခွဲအထိ စောင့်ပေးမယ်။ နောက်ဆုံးပြောလိုက်မယ် ဆရာရယ်၊ ဆယ့်နှစ်နာရီထက်တော့ နောက်မကျစေနဲ့ဗျာ”တဲ့။

စာဖတ်သူ ဘယ်လိုများခံစားသွားရလေမလဲ ကျွန်တော်မသိ။ ကျွန်တော်ကတော့ ကားလက်မှတ်ပေါ်တွင်ရေးထားသည့် ၁၀ နာရီခွဲဟူသောထွက်ချိန်နှင့် ၁၂ နာရီဟူသော အမှန်တကယ် ကားထွက်ချိန်တို့ကြားက အလဟဿဖြစ်သွားရသည့် လူပေါင်းများစွာတို့၏ စက္ကန့်များ၊ မိနစ်များ၊ နာရီများကိုတွက်ကာ တိုတောင်းလှစွာသော လူ့ဘ၀သက်တမ်းနှင့်ယှဉ်၍ နှမိနှမြောဖြစ်သွားခဲ့မိသည်မှာ အမှန်ပါ။

(သုံး)
တစ်ခါတုန်းကတော့ ခန္တီးမြို့တစ်ဝိုက်ရှိ နာဂတောင်တန်းများဝန်းကျင်သို့ ရောက်သွားခဲ့ပြန်ပါသည်။ လေယာဉ် ခန္တီးကိုဆင်းမည့်နေ့တွင် ရွှေမှော်များရှိရာဆီသို့ လေ့လာကြည့်ရှုရန် မပြီးပြတ်သေးသဖြင့် ခန္တီးကနေ လေယာဉ်ထပျံမည့်အချိန်ကို မေးရပါသည်။ တာဝန်ရှိသူတစ်ယောက်က နံနက် ၁၀ နာရီထက်စော၍ မပျံကြောင်း သတင်းပေးရာ ကျွန်တော်လည်း နာဂတောင်တန်းများပေါ်က ရွှေမှော်တွေထဲမှာ အချိန်ကလေး နည်းနည်းပါးပါးယူလိုက်ဖြစ်ပါသည်။

သို့ဖြင့် အချိန်တန်သည်နှင့် ကားကိုအပြင်းမောင်းပြီး ခန္တီးလေဆိပ်ထဲသို့ ၀င်ချလာခဲ့ကြရာ လေယာဉ်က ထွက်ခွာရန်ပင် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ ခရီးသည်တွေက လေယာဉ်ပေါ်မှာ ခါးပတ်တွေတောင်မှ ပတ်ထားပြီး၍ နေကြပါပြီ။ လေယာဉ်ပန်ကာဒလက်တွေက မွှတ်နေအောင်လည်လို့။ ကျွန်တော်တို့မော်တော်ကား လေဆိပ်ထဲသို့ မောင်းဝင်လာသည်ကို မြင်လို့လားမသိ။ နယ်လေဆိပ်ကလေးကလည်း ဖြစ်နေပြန်ရာ လေယာဉ်ကမပျံဘဲ စောင့်ပေးနေသဖြင့် ကျွန်တော်တို့ ခန္တီးမှာ ကျန်မနေရစ်ခဲ့ကြခြင်းဖြစ်ပါသည်။ ဟောဟဲ၊ ဟောဟဲနှင့် လေယာဉ်ပေါ်သို့ အမောတကောတက်လာသော ကျွန်တော့်ကို ရောက်နှင့်နေကြသည့် ဆရာချစ်ဦးညိုနှင့် မောင်စိန်ဝင်း(ပုတီးကုန်း)က တဖျစ်တောက်တောက်ပြောလို့။

တကယ်က ကျွန်တော့်အပြစ်မဟုတ်။ ကျွန်တော်လေဆိပ်ထဲသို့ ၀င်ရောက်လာသည့်အချိန်က ကိုးနာရီဝန်းကျင်သာ။ ထို့ကြောင့် ဆယ့်နာရီထက်စောပြီး ပျံလေ့မရှိပါဟူသည့် သတင်းကို အခြေခံကာ မီအောင် ကျွန်တော်ပြန်လာခဲ့သူ ဖြစ်ပါသည်။ ကျွန်တော်က လေဆိပ်အမှုထမ်းတစ်ယောက်ကို နာရီကိုလက်ညှိုးထိုးပြပြီး ဘာ့ကြောင့်စောပျံတာလဲဟု မေးရပါသည်။ သူက သည်နေ့စောပြီး ဆင်းဖြစ်သဖြင့် စောပြီးပျံတာပါတဲ့။ ကျွန်တော်ကျန်နေရစ်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ။ နောက်တစ်ခါ လေယာဉ်ပတ်အတွက် ခန္တီးမှာ စောင့်နေရမှာကို ဘယ်သူက တာဝန်ယူမှာလဲ။ ဘာဖြစ်လို့  ဆယ့်နာရီထက်မစောဘူးဆိုတဲ့သတင်းကို ကျွန်တော့်ကိုပေးရတာလဲ။

နောက်ကျတာကမှ အချိန်မလေးစားတာမဟုတ်။ စောနေခြင်းသည်လည်း အချိန်မလေးစားမှု။

(လေး)
အချိန်ကိုက်လှုပ်ရှားတတ်မှုနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ အံ့သြဖွယ်ရာကို ကျွန်တော်ဖတ်ဖူးပါသည်။

ဂျပန်ရောက် မြန်မာလူရွယ်တစ်ယောက်က သူ့အရင် ဂျပန်တွင်ကြိုတင်ကာ ရောက်နှင့်နေသည့် မြန်မာသူငယ်ချင်းထံ သွားရောက်လည်ပတ်ရန် တယ်လီဖုန်းဖြင့်ဆက်သွယ်ပါသည်။ တစ်ယောက်တစ်နေရာစီဖြစ်ရာ လာရောက်လည်ပတ်မည့်သူကို ရောက်နှင့်သူက မည်သည့်ဘူတာရုံကနေ မည်သည့်အချိန်စီးလာမှာလဲဆိုတာကို မေးပါသည်။ အဖြေကိုရသော် သူငယ်ချင်းအား လမ်းညွှန်လိုက်ပုံက ဒါဆို ၉း၄၅ မှာ ရထားရပ်တဲ့ ဘူတာရုံကို ဆင်းလိုက်တဲ့။ ဘယ်ဘူတာမှာဆင်းပါလို့မပြော။ အချိန်နှင့်တွက်ကာ ဆင်းခိုင်းလိုက်သည်ဆိုတော့ မတော်တဆ ဆင်းရမည့်ဘူတာမဟုတ်ဘဲ ဆင်းမိကာ သူငယ်ချင်းနှင့်လွဲချော်သွားမည်ကို ဧည့်သည်သူငယ်ချင်းက စိုးရိမ်သွားပုံရပါသည်။

ဂျပန်တွင်အနေကြာသူ သူငယ်ချင်းက အချိန်ကိုက်တိကျသေသပ်စွာ မောင်းနှင်ဝင်ထွက် ရပ်နားထွက်ခွာမှုအရာ၌ စံထားလိုက်သော ဂျပန်မီးရထားများ၏ တိကျသေချာပုံကို အကြွင်းမဲ့ယုံကြည်သူဖြစ်ရာ ထပ်ဆင့်၍ ရဲရဲကြီးပင် အာမခံပါသည်။ မည်သည့်ဘူတာရုံရောက်နေပြီလဲ။ ထွက်ကြည့်စရာမလို။ သူရောက်မည့်အချိန်အတိုင်း ရထားရပ်သည်နှင့် မျက်စိမှိတ်ပြီးဆင်းချလိုက်။ မလွဲစေရ။ ကိုယ်ဆင်းမည့်ဘူတာနှင့် ကွက်တိစသည်ဖြင့် အထပ်ထပ်ရှင်းပြလိုက်ရပါသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ မြန်မာ့မီးရထားကို သည်လိုစီးရဲပါ့မလား။ ရန်ကုန်ဘူတာကြီးကထွက်တာ ဘယ်အချိန်။ တောင်ငူဘူတာကို ရောက်မှာက ဘယ်အချိန်။ အဲသည့်အချိန်အတိုင်း ရထားပေါ်ကနေ မျက်စိမှိတ်ပြီး ဆင်းချလိုက်။ ပြီးရင် မျက်လုံးဖွင့်ကြည့်လိုက်။ တောင်ငူဘူတာမဟုတ်ဘဲ သောက်တလွဲကြီး ဖြစ်နေခဲ့သော် ဘယ်လိုဖြေရှင်းရပါ့။ လူမနီး၊ သူမနီးသည့် လယ်ကွင်းစပ်မှာများ ပြုတ်ကျကျန်နေခဲ့သော် မည်သူ့ကိုအကူအညီတောင်းရပါ့။

(ငါး)
ယခုရက်တွေထဲမှာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ စသည့်ဒေသများတ၀ိုက် ခရီးကြမ်းနှင်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ စာပေချစ်သူများက မြန်မာ့လေကြောင်းနှင့် ပြန်ရန်လက်မှတ်ကို စီစဉ်ပေးထားကြရာ လေယာဉ်လက်မှတ်ပေါ်၌ ကွင်းချိန်းက ၁၂း၃၀ တဲ့။ ထွက်ခွာချိန် (Departure) နေရာမှကကွက်လပ်။ ပျံချင်တဲ့အချိန် ပျံမယ်ဆိုသည့်သဘော။

ဆရာချစ်ဦးညိုနှင့် ကျွန်တော်တို့နှစ်ယောက်သား စစ်တွေလေဆိပ်ရှေ့က ဆိုင်ကလေးထဲမှာ ထိုင်ရင်းက တစ်နာရီ၊ တစ်နာရီခွဲ၊ နှစ်နာရီ၊ နှစ်နာရီခွဲ၊ သုံးနာရီ စသည်စသည်ဖြင့်။ စိတ်မရှည်သူ ဆရာချစ်ဦးညိုက တာဝန်ရှိသူတစ်ယောက်ကို ဖုန်းဆက်မေးရာ လေယာဉ်က ရန်ကုန်လေဆိပ်ကပင် တက်မလာသေးပါတဲ့။ အဆင်ပြေသောအချိန် ပျံလာပါမည်တဲ့။ စစ်တွေကနေ အဆင်ပြေသောအချိန် ပြန်ထွက်ပါမည်တဲ့။ ကျွန်တော်တို့က အဆင်ပြေသလို ကြည့်ပြီးနေကြဆိုသည့်သဘော။ သို့ဖြင့် အချိန်တော်တော်ကလေးနှောင်းတော့မှ လေယာဉ်ခရီးစဉ် ဖျက်သိမ်းသည်ဟုဆိုလေရာ ဆရာချစ်ဦးညို ၀ုန်းဒိုင်းကြဲလေမှ ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြင့် ပြောင်းတင်ပေးလိုက်ခြင်း ဖြစ်ပါသည်။ တငုတ်တုတ်တုတ် ဖြစ်နေသည့် ကမ္ဘာ့လှည့်ခရီးသွားများကို အားနာစရာကောင်းလှပါဘိ။

(ခြောက်)
သည်နေရာမှာ ဆရာကြီးရွှေဥဒေါင်းကို ကျွန်တော်တော်တော်လေး သဘောကျတာတစ်ချက်ရှိပါသည်။

တစ်နေ့ လူထုဦစိန်ဝင်းနှင့် ဆရာမောင်မိုးသူတို့ကို ထမင်းစားဖိတ်ရာ ညနေခြောက်နာရီချိန်းထားသော်လည်း နာရီဝက်နောက်ကျပြီးမှ ရောက်လာသဖြင့် “မင်း Gentlemen မဟုတ်ဘူး”ဟု ဆရာကြီးက အပြစ်တင်ခဲ့ဖူးပါသည်။

ထို့အတူ ဆရာတင်မိုးကို ထမင်းစားဖိတ်ရာ ဖိတ်သည့်အချိန်ရောက်မလာ၍ဟုဆိုကာ အိမ်တံခါးပိတ်ပြီးထွက်သွား၍ ထမင်းစားကြွရောက်သူတွေ လှည့်ပြန်ခဲ့ကြရပါလေသတဲ့။ အော်၊ သွားလမ်းမသာ၍ လာလမ်းမဖြောင့်သော ကျွန်တော်တို့အရပ်မှာ ဆရာကြီးရွှေဥဒေါင်းလိုလူတွေ ထမင်းစားဖိတ်သည်ကိုသာ သွားလို့ကတော့ ငတ်ပြီးရင်းငတ်ပေါ့။

ကမ္ဘာကျော်စုံထောက်ကြီးရှားလော့ဟုမ်း ကျွန်တော်တို့ဆီမှာ အမှုလိုက်လို့ကတော့ ရထားအ၀င်အထွက်၊ ကားအ၀င်အထွက်၊ တွက်ချက်တာတွေ အကုန်လွဲပြီး အမှုတိုင်းမှာ သောက်ကျိုးနည်းမှာ ဧကန်ပေါ့။

ခေတ်ကပရမ်းပတာဖြစ်လို့ လူတွေပရမ်းပတာဖြစ်ကုန်တာလား။ လူတွေက ပရမ်းပတာဖြစ်လို့ ခေတ်က ပရမ်းပတာဖြစ်တာလား။ အင်း . . . သေချာတာတစ်ခုကတော့ ကမ္ဘာက နှာခေါင်းရှုံ့တဲ့အထဲမှာ အချိန်ကိုမလေးစားမှုဟာ ထိပ်တန်းကပါနေတယ်ဆိုတာပါပဲ။           ။


မောင်သာချို

7Day News
အမှတ်(၃၉)

No comments:

Post a Comment