Friday, January 17, 2014

အောင် ဆန်း စု ကြည် ◄ သားလူ ►


ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့အခါမှာ ပထမဦးဆုံး ကျမတို့ လိုချင်တာဟာ လွတ်လပ်စွာ တွေးတောပိုင်ခွင့်ပဲ။ လူကိုသာ
ချုပ်ထားနိုင်မယ်။ စိတ်ကိုတော့ မချုပ်ထားနိုင်ဘူး။ ဒီလို မချုပ်ထားနိုင်တဲ့ စိတ်ကြောင့်
ဒီလောက်တောင်မှ နှစ်ဆယ့်ခြေက်နှစ်လုံးလုံး လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီ
လှုပ်ရှားမှုကြီးထဲကို သတ္တိရှိရှိနဲ့ ဝင်ခဲ့ပြီး၊ စခဲ့ပြီ။ ဒီလှုပ်ရှားမှုကြီးကို ဆုံးခန်းတိုင်အောင်၊ အောင်မြင်အောင် လုပ်သွားရမယ်။

အောင်ဆန်းစုကြည်


ခင်ဗျားတို့ ဂုဏ်ယူလိုက်ကြစမ်းပါ
ကမ္ဘာ့နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားဟာ
ခင်ဗျားတို့နဲ့ တမြေတည်းနေပြီး
ခင်ဗျားတို့နဲ့ ဒုက္ခတွေမျှဝေခံစားပြီး
ခင်ဗျားတို့ကို အလုပ်အကျွေးပြုမယ်လို့
ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ပေါ့။


သူ့ကိုကြည့်တော့ ခင်ဗျားတို့ကို မြင်တယ်
သူ့အသံကို နားထောင်တော့ ခင်ဗျားတို့အသံကို ကြားတယ်
သူ့အလုပ်တွေကို သုံးသပ်တော့ ခင်ဗျားတို့ဒုက္ခတွေကို ခံစားရတယ်

လင်သားကို ထားခဲ့ပြီး မြန်မာပြည်ကို ရွေးချယ်တယ်
သားနှစ်ယောက်ကို ထားခဲ့ပြီး မြန်မာပြည်ကို ရွေးချယ်တယ်
လွတ်လပ်တဲ့ ဘဝကို စွန့်ပြီး နေအိမ်အကျယ်ချုပ်ကို ရွေးချယ်တယ်
ဖြောင့်နေတဲ့ လမ်းတွေ ရှိနေရက်နဲ့ ထောင်ချောက်တွေကို ရွေးချယ်တယ်
ပုဂ္ဂလခံစားချက်တွေကို လျစ်လျူရှုပြီး ပြည်သူတွေရဲ့ ဘဝတွေကို ရွေးချယ်တယ်
ဒါကြောင့် အဲဒီသံမဏိမိန်းမကြီးကို ငါ့တို့ရဲ့ သမ္မတအဖြစ်
ငါတို့ ပြန်ရွေးချယ်ရမယ်။

ဒီကိစ္စက
ဘုရားက ခင်ဗျားတို့ကို သနားလို့ ချီးမြှင့်လိုက်တဲ့
လက်ဆောင်တစ်ခု မဟုတ်ဘူး
လကုန်လို့ ထိုးထားတဲ့ ထီလက်မှတ်က ထပေါက်တဲ့
သိန်း ၁၅၀၀ တန် ဆုတစ်ခုလည်း မဟုတ်ဘူး
ဒါပေမဲ့
သူ့နာမည် အောင်ဆန်းစုကြည် လို့ခေါ်တယ်။

ဒေါသမီးလျှံတွေ ဝင်းလက်လာပြီဆိုရင်တော့
အဲဒီမိန်းမကြီးရဲ့ မျက်လုံးကို
ယောက်ျားသားတွေတောင် ရင်မဆိုင်ရဲဘူး
အဲဒီမျက်လုံးတွေရဲ့ အတွင်းသားမှာတာ့
အမြဲစိမ်း အလင်းရောင်တွေ
ဧရာဝတီမြစ်ကြီးလို မပျက်မကွက် စီးဆင်းနေတာကို
တွေ့ရမယ်။

လူက သံမဏိ၊ စိတ်ဓာတ်က သံမဏိ
နှလုံးသားက ဖြူစင်တယ်၊ ရိုးရှင်းတယ်၊ ရိုးသားတယ်၊ ပွင့်လင်းတယ်၊
နူးညံ့တယ်၊ သိမ်မွေ့တယ်၊ ပန်းလေးလိုပဲ လှတယ်၊
နှင်းဆီလိုပဲ ရဲရင့်တယ်
ကလေးငယ်လေးရဲ့ ဝလုံးလေးလိုပဲ ပြည့်ဝတယ်။
ပြီးတော့
ပြည်သူတွေအတွက် မှန်မှန်ခုန်တယ်။

သူက ခင်ဗျားတို့၊ ကျနော်တို့ လက်ထဲက လွတ်ကျသွားတဲ့ အနာဂတ်ကို
ကျနော်တို့၊ ခင်ဗျားတို့ လက်ထဲ ပြန်ထည့်ပေးချင်လို့
ဒီလောက် လူအုပ်ကြီးရှေ့ကို မကြောက်မလန့် ထွက်လာတာ
မိသားစုရဲ့ အနာဂတ်ထက် သန်း ၆၀ရဲ့ အနာဂတ်ကို ရွေးချယ်ခဲ့သူရဲ့
အဘိဓာန်မှာ အကြောက်အလန့်ဆိုတာ မရှိဘူး
ရှိခဲ့ရင်လည်း သူဟာ ကမ္ဘာမြေမှာ ရှိခဲ့မှာ မဟုတ်ဘူး။

လက်နက်ကိုင် စစ်တပ်ကြီးအုပ်ချုပ်တော့
လက်နက်မဲ့ ပြည်သူတွေ လုံခြုံတယ်လို့ ဘာပြုလို့ မခံစားရတာတုန်း
လက်နက်မကိုင်တဲ့ မိန်းမတစ်ယောက် ပေါ်ထွက်လာတော့
လက်နက်မဲ့ ပြည်သူတွေ လုံခြုံတယ်လို့ ဘာပြုလို့ ခံစားရတာတုန်း
လက်နက်ကိုင် စစ်တပ်ကြီးအုပ်ချုပ်တော့
လက်နက်မဲ့ ပြည်သူတွေရဲ့ အနာဂတ် ဘာပြုလို့ မစိမ်းလန်းတာတုန်း
လက်နက်မကိုင်တဲ့ မိန်းမတစ်ယောက် ပေါ်ထွက်လာတော့
လက်နက်မဲ့ ပြည်သူတွေရဲ့ အနာဂတ် ဘာပြုလို့ အားအင်သစ်တွေ တိုးလာရတာတုန်း။

ငါတို့ဟာ သူ့ဆီက အစွမ်းကုန် မခမ်းမချင်း ယူပြီး
သူ့ဆီကို ဘယ်လောက်များ ပြန်ပေးခဲ့ဖူးပြီလဲ။

စဉ်းစား...
စဉ်းစား..
တော်လှန်ရေးမှာ သေသွားတဲ့ အလောင်းတွေကို ရေတွက်ရင်း စဉ်းစား
သေနတ်သံတွေ မစဲသေးတဲ့ လူသတ်ကွင်းမှာ ရပ်ရင်း စဉ်းစား
ခါးမှာ ချီထားတဲ့ ကလေးငယ်ရဲ့ မျက်လုံးကို ငေးကြည့်ရင်း စဉ်းစား
နောက်ဖေးမှာ မကျက်သေးတဲ့ ထမင်းအိုးကို တည်ရင်း စဉ်းစား
ငွေထုပ်ကြီးပေါ်ထိုင်ပြီး နောက်ဆုံးပေါ်ကားကို စီးရင်း စဉ်းစား
ထရံကြားက ကျလာတဲ့ လရောင်အောက်မှာ ထိုင်ရင်း စဉ်းစား
သူပြောခဲ့တဲ့ စကားလုံးတွေ ပြန်ကြားယောင်ရင်း စဉ်းစား

ခရီးဟာ မဝေးတော့ဘူး။
ခင်ဗျားတို့၊ ကျနော်တို့ အဲဒီသံမဏိမိန်းမကို ဒုတိယမ္ပိ လိုချင်လို့မရဘူး။


သားလူ

၁၆ . ၁ . ၂၀၁၄

No comments:

Post a Comment