Wednesday, January 15, 2014

THE FLOWERS OF WAR (သို့) စစ်အတွင်းမှ ပန်းကလေးများ ◄ LKH ►




The Flowers of War ဟာ Ju Dou, The Road Home, Hero, House of Flying Daggers , Curse of the Golden Flower စတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ တရုတ်နာမည်ကျော်ဒါရိုက်တာ ကျောက်ရိမူ (Zhang Yimou) ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ စစ်ဒရာမာဇာတ်ကားတစ်ကားပါ။ "ဂေါင်းလီ နဲ့ ကျန်ကျိရီ" မင်းသမီး ၂ လက်ကို စင်တင်ပေးခဲ့တဲ့ ကျောက်ရိမူဟာ ဒီကားမှာ ဟောလိဝုဒ်မင်းသား Christian Bale နဲ့အတူ မျက်နှာသစ်အမျိုးသမီးသရုပ်ဆောင် "နီနီ" ကို ရဲဝံ့စွာ အသုံးပြုခဲ့ပါတယ်။ အခုနောက်ပိုင်း တရုတ်နိုင်ငံအနေနဲ့ ဟောလီးဝုဒ်နာမည်ကြီးမင်းသားကို ခေါ်ယူရိုက်ကူး ထုတ်လုပ်တဲ့ ဒုတိယမြောက် ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ ပထမရိုက်ခဲ့တာက Kevin Spacey ရဲ့ Inseparable ဆိုတဲ့ ရုပ်ရှင်ပါ။


၁၉၃၇ ခုနှစ်၊ တရုတ်ပြည်၊ နန်ကင်းမြို့ကို ဂျပန်တွေဝင်သိမ်းရာက ဇာတ်လမ်းကို စထားပါတယ်။ အဲဒီကာလအတွင်းမှာ သာသနာပြုကျောင်းတစ်ခုက ကွယ်လွန်သွားတဲ့ ဖာသာတစ်ယောက်ကို သဂြိုဟ်ပေးဖို့လာတဲ့ အမေရိကန်နိုင်ငံသား ဂျွန်မေလာ (Christian Bale) ဟာ ပြေးရင်းလွှားရင်း သူသွားချင်တဲ့ သာသနာပြုကျောင်းက ကျောင်းသူလေးတစ်စုနဲ့ ဆုံပြီး ဘုရားကျောင်းကို ရောက်ရှိ သောင်တင်နေခဲ့ပါတယ်။ သူသဂြိုဟ်ပေးရမယ့် ဖာသာ အင်ဂလီမန်ရဲ့အလောင်းကလဲ မရှိတော့ပါဘူး။ ထို့နောက်မှာ ထွက်ပြေးလာတဲ့ ပြည့်တန်ဆာအမျိုးသမီးတစ်စုလည်း ဘုရားကျောင်းကို ရောက်ရှိလာပြီး မြေအောက်ခန်းမှာ ၀င်ရောက်ပုန်းအောင်နေကြပါတယ်။ သူတို့ကိုဦးဆောင်သူက ယူမို(Ni Ni) ဖြစ်ပါတယ်။ မူလက သူတို့ကို ကာကွယ်ပေးနေတဲ့ လက်ကျန်တရုတ်စစ်တပ်လည်း နောက်ဆုံးမှာ ဗိုလ်မှုးလီ အပါအ၀င် အားလုံးဟာ ကျဆုံးခဲ့ရပါတယ်။ အနောက်တိုင်းသားပီပီ ငွေမက်ပြီး မူးယစ်နေတတ်တဲ့ ဂျွန်မေလာဟာ ဂျပန်စစ်သားတွေ ဘုရားကျောင်းကို ရောက်အလာမှာတော့ ကြံမိကြံရာ ဖာသာဝတ်စုံဝတ်ပြီး အယောင်ဆောင်ခဲ့ပါတယ်။ ဂျပန်စစ်သားတွေရဲ့ ရန်ကနေ ကျောင်းသူကလေးငယ်လေးတွေကို ကာကွယ်ပေးရာက အယောင်ဆောင် ဖာသာဂျွန်ကို တကယ့်ဖာသာတစ်ယောက်အနေနဲ့ ကလေးမလေးတွေက အားကိုးလာကြပါတယ်။ ဂျွန်မေလာလည်း နောက်ဆုံးမှာတော့ ဖာသာတစ်ယောက်အနေနဲ့ ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲ့ဒီအတောအတွင်းမှာ ပြည့်တန်ဆာမိန်းမတစ်စု၊ ကျောင်းသူတစ်စု နဲ့ ဖာသာ တစ်ယောက်ရဲ့ အမျိုးမျိုးသော ဒုက္ခဆိုတွေကို တွေ့မြင်ရမှာပါ။ ဂျပန်စစ်သားတွေ နန်ကင်းမြို့မှာ ထင်တိုင်းကြဲခဲ့ကြရင်း နောက်ဆုံး ဂျပန်စစ်ဗိုလ်က ကျောင်းသူလေး ၁၃ ယောက်ကို သူတို့ရဲ့ နန်ကင်းမြို့သိမ်းပါတီပွဲမှာ သီချင်းနဲ့ ဖျော်ဖြေပေးဖို့ ငြင်းဆန်ခွင့်မရှိ ဖိတ်ကြားပါတယ်။ အဲဒီမှာ ဇာတ်လမ်းရဲ့အထွတ်အထိပ်ရောက်ခဲ့ပြီး ဂျပန်တွေ အထာကို ကောင်းကောင်းကြီးသိနေတဲ့ ဖာသာဂျွန်နဲ့ ပြည့်တန်ဆာမိန်းမတွေက ကျောင်းသူလေးတွေကို သွားရောက်ဖျော်ဖြေဖို့ ခွင့်မပြုမလားဆိုတာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။

သမိုင်းမှာ တကယ့်နန်ကင်းမြို့ဟာ ဂျပန်တွေရဲ့ ထင်တိုင်းကြဲ အဓမ္မပြုကျင့်မှုတွေကို ခါးစီးခံခဲ့ရရှာပါတယ်။ ပြည်သူတွေအတွက် စစ်ရဲ့ ဒုက္ခတွေနဲ့ သမိုင်းဖြစ်ရပ်ကို ဒီရုပ်ရှင်ထဲမှာ တွေ့မြင်ရမှာပါ။ အခု Review ကိုဖတ်ရင်း THE FLOWERS OF WAR တစ်ကားလုံး ဇာတ်လမ်းသိသွားခဲ့ရင် ရုပ်ရှင်ကြည့်တဲ့အခါ အရသာမဲ့သွားနိုင်ပါတယ်။ ဒါကြောင့် အပြည့်အစုံမဟုတ်ပဲ ရေးသားပြီး ဒီ The Flowers of War ကို မကြည့်ရသေးရင် ဆက်ဆက်ကြည့်ရှုစေချင်ပါတယ်။ စစ်ဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်လို့ ပြန်လည်တင်ပြပေးလိုက်ပါတယ်။ 

LKH

No comments:

Post a Comment