Saturday, January 18, 2014

မန္တလေး ◄ ရင်နင့်အောင် ►

Mandalay city



ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားတယ်
ဝင်ပေါက်ထွက်ပေါက်တွေ ခွဲထားတယ်
အစကတော့ လေးထောင့်ကြီးပဲ
ချဲ့ရင်း ချဲ့ရင်း ပုံပျက်လာတဲ့မြို့ပေါ့
တိုးချဲ့ဇုန်မှာ ငါတို့ နေထိုင်ကြတယ်
အစွန်အဖျားကနေ ရန်သူကို အလယ်မှာထားလို့
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀လုပ်နေကြသလား
မြို့ရဲ့ နှလုံးသားကို ဧရာဝတီက အနားသတ်ထားတယ်
ရှမ်းရိုးမက တောက်တစ်ချက်ခေါက်ခဲ့တုန်းက
လယ်ကွင်းတွေပျောက်ပြီး ဘောလုံးကွင်းကြီးပေါ်လာခဲ့
အဲဒီ မြို့ပေါ့ လွယ်အိတ်တစ်လုံးကို မျှဝေသုံးလို့
နန်းတော်ရှေ့ ဆရာတင်ကနေ မောင်ချောနွယ်အထိ
စာရွက်ဟောင်းကို ပြန်လှန်လို့ ဂုဏ်ယူလို့ မပြီးကြသေး
အဟောင်းသံသရာထဲမှာ နှာတစ်ဖျားသာရုံလောက်နဲ့
သီပေါမင်းက စလို့ စလို့ ငါတို့
ကိုယ့်မြို့ကိုယ်မှ ကိုယ့်လူမျိုးကိုယ်မှ မစောင့်ရှောက်တတ်ခဲ့ကြ
စကားမစပ် ၂၆ ဘီလမ်းပေါ်မှာ ဘာလူမျိုးတွေ နေထိုင်ကြသလဲ
လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲရလဒ် ကြည့်မလား
အလောင်းအစားတွေ သိပ်ဝါသနာ ပါကြတဲ့ ငါတို့
ဘောလုံးပွဲဆို ခဲနဲ့ ထု အော်ဟစ်ဆဲဆိုကြတဲ့ ငါတို့
ကျူးကျော်တဲ့ သူ ရှိလား (မရှိဘူး)
ကျူးကျော်တဲ့သူ ရှိလား (မရှိဘူး)
တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် ရေလို့မှ မပြီးသေး
ကျူးတဲ့သူတွေက ကျော်ကုန်ပြီ
ကဗျာဆရာတွေ အဆိုတော်တွေ တေးရေးဆရာတွေ
ပန်းချီဆရာတွေ ပန်းပုဆရာတွေနဲ့ အနုပညာမြို့တော်ကြီးတစ်ခု
ဘုန်းကြီးတွေ ပေါပြီး ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြို့
တီဗွီဂိမ်းဆိုင်မှာ သံဃာတွေနဲ့ ဘိလိယက်ခုံမှာ သံဃာတွေနဲ့
တရုတ်ဖြစ် ဆိုင်ကယ်တွေမောင်းပြီး ပွဲချင်းပြီးကြတဲ့မြို့
ပြည်တွင်းဖြစ် ရမ်၊ အရက်ဖြူတွေနဲ့ နည်းနည်းချင်းပြီးကြတဲ့ မြို့
တက္ကသိုလ်တွေကို မြို့ပြင်မောင်းထုတ်ခဲ့တုန်းက
ငါတို့တွေ ငှက်ပစ်အမဲလိုက်ပြီး ကျောင်းတက်ခဲ့တဲ့မြို့
မြို့လေးက မစိမ်းတော့ဘူး တမာပင်တွေ ရှားလာတယ်
မြို့လေးက မနီတော့ဘူး စိန်ပန်းပင်တွေ ခုတ်လဲခံလိုက်ရ
မာနကတော့ ကြီးပါရဲ့ ကျုံးကြီးကို တူးပြီး
ဗေဒါပန်းတွေ လွှင်ပစ်ခဲ့တယ်
နန်းတော်ကြီးကို ဘယ်သူစောင့်ရှောက်မှာလဲ
အတွင်းကို ၀င်ဖို့ မှတ်ပုံတင်ကို ပေးထားခဲ့ရတဲ့ မြို့
ငါတို့ ငါတို့ ငါတို့ အဝေးသင်ပညာရေးစနစ်မှာ
ရည်းစားကို ဘယ်ဟိုတယ်ခေါ်ရကောင်းနိုးနိုး စဉ်းစားခဲ့ကြတဲ့မြို့
အရွယ်မရောက်သေး ကလေးငယ်တွေ စားပွဲထိုးနေကြ
အရွယ်ရောက်ပြီးသား သူဌေးသားတွေ ဘိန်းရှူနေကြ
WY, Alcohol, အခြောက် အစို ဖေါ်မြူလာ ကော်ဗူးမှ
တစ်ရက် သုံးလေးထောင် လက်လုပ်လက်စားတွေ ပေါတဲ့မြို့
ပွဲမရှိရင် မနေတတ်လို့ ဘုရားလူကြီးတွေ ဘုရားပွဲလုပ်ကြ
ကျောက်ဝိုင်းမှာ ငါတို့နိုင်ငံထွက် ကျောက်တွေ
ငါတို့နိုင်ငံသားတွေ ခွဲလို့ သွေးလို့
ဘယ်သူတွေက အဲဒီကျောက်သံပတ္တမြားတွေ ပိုင်ကြသလဲ
မရောက်ဖြစ်တာကြာတဲ့မြို့ ငါပြန်အရောက်
သူစိမ်းတွေချည်း တွေ့ခဲ့ရတဲ့မြို့
သူတို့က စား ပွဲ လုပ်နေကြချိန်မှာ ငါတို့က ပွဲစားတွေပဲ
တစ်ယောက်နဲ့ တစ်ယောက် ခြေချင်းလိမ်လို့
ဖုံထူနေပူ အညာသားကျောကုန်းနဲ့တူတဲ့မြို့
စစ်ကိုင်းကတော့ တံတားကြီးထိုးပေးထားပါရဲ့
အစွန်အဖျားကလူတွေ တိုးချဲ့ဇုန်မှာ ပြုတ်မကျအောင်လို့တဲ့
ဦးပိန်တံတားကို ကွန်ကရစ်နဲ့ဖာတေးခံလိုက်ရတဲ့နေ့က
မွမ်းကြပ်လွန်းလို့ မြို့ပြင်ထွက်ပြီး ကောင်းမှုတော်ကို ငါရှာမိပါတယ်
ထုံးသုတ်ထားတဲ့ စေတီကြီးကို ရှာမတွေခဲ့ဘူး။

ရင်နင့်အောင်

၁.၁၈.၂၀၁၄

No comments:

Post a Comment