Saturday, January 18, 2014

မကြောက်တရားမြို့၌ ချောက်သားတို့နှင့်စကားဆိုခြင်း

Photo


(တစ်)
မြင်းခွာတစ်ချက်ပေါက်တာလား၊ သံခွာတစ်ချက်ပေါက်တာလား၊ ကျွန်တော်မသဲကွဲပါ။ ဆရာဒဂုန်တာရာကတော့ သူ့မိတ်ဆွေ သခင်ဗဟိန်းအကြောင်းရေးသည့် “ပဒုမ္မာကြာပွင့်အပြုံးရှင်” ဆောင်းပါးထဲ၌ “သံခွာတစ်ချက်ပေါက်ရင် တစ်ပြည်လုံး မီးဟုန်းဟုန်းတောက်စေ့မယ်”ဟူ၍ သခင်ဗဟိန်းပြောသည့်စကားကို ကောက်နုတ်ဖော်ပြထားခဲ့ဖူးပါသည်။ ကိုအောင်ဝေးကတော့ “ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ”စာအုပ်ထဲ၌ “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်”ဟူ၍။


စကားကတော့ သခင်ဗဟိန်း၏ စကားပဲဖြစ်ပါသည်။ မကွေးထောင်၏ ခေါင်မိုးကိုဖောက်ကာ ရေနံမြေအလုပ်သမားထုကို မိန့်ခွန်းပြောရာတွင် ပါဝင်သည့်စကား။ ၁၃၀၀ ပြည့် အရေးတော်ပုံတုန်းကစကား။ ခရစ်နှစ် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ ပြောခဲ့သည့်စကား။ မီးဟုန်းဟုန်းတောက်စေမယ်ဆိုသည်ကမကွဲ။ သံခွာနှင့် မြင်းခွာကလေးပဲ ကွဲပြားတာ။ ထား။ ဒါကအရေးမကြီး။ အရေးကြီးတာက ၁၃၀၀ ပြည့် အရေးတော်ပုံ။

(နှစ်)
၁၃၀၀ ပြည့်အရေးတော်ပုံအစ ချောက်ရေနံမြေကဟုဆိုသော်ရကောင်းပါသည်။ ဆရာဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ် မြန်မာနိုင်ငံသမိုင်း”ထဲက လေအတိုင်းပြောရလျှင် ကိုလိုနီစီးပွားရေးဘ၀ကို မည်ကဲ့သို့မျှမခံမရပ်နိုင်ကြတော့သော ဘီအိုစီအလုပ်သမားများက စတင်လိုက်သောအရေးတော်ပုံကြီးပင်ဖြစ်ပါသည်။

ဆရာသိန်းဖေမြင့်၏ ၀တ္တုတိုပေါင်းချုပ်ထဲက “ရေနံ”ဟူသည့် ၀တ္တုကလေးကို ဖတ်လိုက်ရုံမျှနှင့် ကိုလိုနီခေတ်က ချောက်၊ ရေနံချောင်းတစ်ဝိုက်ရှိ ရေနံအလုပ်သမားတို့၏ ဘ၀ကြမ်းကြီးများကို ထိတွေ့ခံစားရနိုင်ပါသည်။ ရေနံမြေတစ်ခုလုံးက ဗြိတိသျှကုမ္ပဏီများ၏ လက်အောက်မှာ။ ရေနံတူးသူတွေက မြန်မာအလုပ်သမားများ။ သို့သော် သူတို့ရေနံကိုသုံးခွင့်မရှိ။ ပတ်ဝန်းကျင်တစ်ခုလုံး ဓာတ်မီးတိုင်များနှင့် ထိန်ထိန်လင်းနေသည့်တိုင် ရေနံအလုပ်သမားတို့၏ ရွာကလေးတွေက မှောင်နှင့်မည်းမည်း။ သူကြီးအိမ်နှင့် လခ ၇၀ ကျပ်စား လက်သမားအိမ်နှစ်အိမ်သာ မီးလင်းလေသတဲ့။ ညဘက်စာဖတ်ဖို့ပင်လျှင် ရေနံဆီမရှိ၍ စာမဖတ်ကြရ။ ဂိုဒေါင်ကရေနံကို ခိုးသူကခိုးကြ။ ထောင်ကျသူကျကြ။

နိမ့်ကျသော လူမှုစီးပွားရေးဘ၀ကို အလိုမရှိသူ ချောက်ရေနံမြေအလုပ်သမားတို့က ဗြိတိသျှအစိုးရကို အာခံရန် ဆန္ဒပြချီတက်ကြဖို့ ခြေလှမ်းစလှမ်းလိုက်သည်က နိုဝင်ဘာ ၃၀ ရက်ဖြစ်ပါသည်။ ခရစ်နှစ်က ၁၉၃၈ ခုနှစ်။ မြန်မာသက္ကရာဇ်က ၁၃၀၀ ပြည့်နှစ် နတ်တော်လဆန်း ၉ ရက်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်ကိုစွဲကာ ၁၃၀၀ ပြည့် အရေးတော်ပုံတဲ့။

သည်တုန်းက ရန်ကုန်သို့ချီတက်ကြသော အလုပ်သမားထုကြီးမှာ ၁၀၀၀ ၀န်းကျင်ခန့်ရှိပါသည်။ ချောက်၊ စဥ့်ကူ၊ လမ်းရွာ၊ ရေနံချပ်၊ ရေနံချောင်းက အလုပ်သမားကြီးများ။ မိုင် ၄၀၀ အကွာက ရန်ကုန်ကိုချီတက်ကြဖို့။

ရေနံမြေအလုပ်သမားတို့ မကွေးသို့ရောက်သောရက်က ဒီဇင်ဘာ ၅ ရက်နေ့ဖြစ်ရာ ချောက်ကနေ ရေနံချောင်းကိုဖြတ်ပြီး ငါးရက်လောက် လမ်းလျှောက်ရသည့်သဘောပင်ဖြစ်ပါသည်။

ဆန္ဒပြအလုပ်သမားထုကိုအားပေးဖို့ ရန်ကုန်ကနေရောက်လာကြသည့်သူတွေက ကိုဗဟိန်းနှင့် ကိုဗဆွေ။ ဒီဇင်ဘာ ၁၂ ရက်တွင် မကွေးမြို့ မဲထီးကျောင်းတိုက်အတွင်းတွင် စခန်းချနေသည့် အလုပ်သမားထုကို အားပေးရာက အဖမ်းခံလိုက်ကြရခြင်းဖြစ်ပါသည်။ သည်မှာတွင် ကိုဗဟိန်းက ဗြိတိသျှစစ်ပုလိပ်တို့၏မြင်းခွာ (သို့မဟုတ်) သံခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်ဟု ကြွေးကြော်လိုက်ခြင်းဖြစ်ပါသည်။

အလုပ်သမားထုက နောက်တစ်ရက် ဒီဇင်ဘာ ၁၃ ရက်တွင် ပြတ်သားစွာပဲ ဆက်လက်ချီတက်သွားကြပါလေသည်။ ရန်ကုန်ကိုရောက်တော့ ခရစ်နှစ်က ၁၉၃၉ ခုနှစ်ထဲသို့ ၀င်သွားခဲ့ပါပြီ။ ဇန်န၀ါရီ ၁၃ ရက်။ လူဦးရေ ၁၄၀၀ ခန့်သည် သထုံနှင့်ပဲခူးက ပူးပေါင်းလာသော အလုပ်သမား၊ လယ်သမား ၁၀၀၀ ခန့်နှင့် ပေါင်းစည်းသွားကြကာ ရွှေတိဂုံရင်ပြင်တော်ပေါ်သို့ တက်ခဲ့ကြခြင်းဖြစ်ပါသည်။

သည်တုန်းက ရေနံမြေအလုပ်သမားခေါင်းဆောင်က သခင်ဖိုးလှကြီး။

(သုံး)
ကျွန်တော်တစ်ခေါက်မကရောက်ဖူးသည့် မြို့တွေထဲမှာ ချောက်လည်းပါပါသည်။ ရေနံချောင်းဘက်ကနေ ကျောက်ပန်းတောင်းသို့အ၀င် ဂွေးချိုလမ်းခွဲကတစ်ဆင့်ပဲသွားသွား၊ ပုဂံ-ညောင်ဦးဘက်ကနေ ဧရာဝတီနှင့် ပူးတုံခွာတုံလုပ်လို့ပဲသွားသွား၊ အနောက်ဘက်ကမ်း ဆိပ်ဖြူကတစ်ဆင့် ဧရာဝတီတံတားကို ဖြတ်သန်းလို့ပဲလာလာ၊ ချောက်က ချစ်ဖို့ကောင်းပါသည်။ ချောက်ဆိုသည့် အမည်နှင့်လိုက်ဖက်လှအောင်ကိုပဲ ချောက်တွေ၊ ကျင်းတွေ၊ ချိုင့်တွေ၊ ကုန်းတွေနှင့် တည်ဆောက်ထားသည့်မြို့။ ရေနံစင်ကြီးတွေကတော့ ဟိုနားဆီမှာ ကားကားကြီးခွရပ်နေလိုက်၊ သည်နားဆီမှာ ကားကားကြီးခွရပ်နေလိုက်။ ရေနံချောင်းတို့၊ မင်းဘူးတို့လို မြင်ကွင်းတွေထဲကအတိုင်း။

ယခုရက်တွေထဲ ဆင်ဖြူကျွန်းကလှမ်းဖိတ်သဖြင့် ခရီးကျုံ့အောင်ဟုဆိုကာ ညောင်ဦးလေဆိပ်သို့ဆင်းပြီး ဆင်ဖြူကျွန်းက လာကြိုသောကားဖြင့် ခရီးနှင်ရာ ချောက်ကိုဖြတ်ရပြန်ပါသည်။

ချောက်မြို့လယ် ရေနံဆေးရုံရှေ့တွင် လူတွေစုစု၊ စုစု။ အလုပ်သမားတွေက လေးငါးခြောက်ယောက်။ ဂေါ်ပြားတွေနှင့်။ သံလက်တွေနှင့်။ ဘိလပ်မြေတွေနှင့်။ အုတ်ခဲတွေနှင့်။ ကော်ပတ်တွေနှင့်။ ချောက်ရေနံမြေအလုပ်သမားကျောက်တိုင်ကြီးကို အဆင့်မီအောင် ပြုပြင်နေကြသည့်မြင်ကွင်း။ အော်၊ ရေနံမြေအရေးတော်ပုံကြီးက (၇၅)နှစ်တောင်မှ ပြည့်ခဲ့ပြီကိုး။

ချောက်သားတို့က ဖြတ်သွားဖြတ်လာ ကျွန်တော့်ကို ခဏဆင်းဖို့ပြော၍ ကားပေါ်ကဆင်းပြီး သူတို့၏လုပ်ငန်းခွင်ကလေးထဲမှာ ခဏထိုင်ရပါသည်။

အချိန်တိုတိုကလေးအတွင်းမှာ သူတို့ပေးသည့် အချက်အလက်တွေက များပြားလွန်းလှပေရာ ကျွန်တော်ကောင်းကောင်းမမှတ်မိ။

သခင်ဖိုးလှကြီးကြေးသွန်းရုပ်က ပိသာချိန် ၂၁၀ ရှိတာ၊ ကုန်ကျငွေ ၃၅ သိန်းကို ဧရာဝတီဘဏ်က ဦးဇော်ဇော်ကပေးတာ၊ Sky Net ဦးမင်းထွေးက တစ်ဆယ့်သုံးသိန်းနှစ်သောင်းငါးထောင်ပေးတာ၊ သူရဦးရွှေမန်းက ဆယ့်ငါးသိန်းပေးတာ၊ ဇေကမ္ဘာဦးခင်ရွှေပေးသော ငွေကိုးဆယ့်ခြောက်သိန်းဖြင့် သခင်၊ သခင်မဟောင်းကြီး ၃၅ ယောက်ကို ခွဲဝေလှူဒါန်းတာ၊ တိုင်းဒေသကြီးလွှတ်တော်က ငါးသိန်းပေးတာ။ လူတွေ၊ နာမည်တွေ၊ ကိန်းတွေ၊ ဂဏန်းတွေ။

ချောက်သူ၊ ချောက်သားတို့က ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ ရေနံမြေအလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီး၏ကြေးရုပ်ကို အလုပ်သမားကျောက်တိုင်၏ရှေ့မှာ ကျကျနနတင်ထားလိုက်ကြပြီဖြစ်ပါသည်။

ရေနံမြေအလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီးဆုံးတော့ လွတ်လပ်ရေးမရသေး။ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် ၀မ်းဗိုက်ကင်ဆာဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အနိစ္စရောက်ရာ သခင်ဖိုးလှကြီး၏ဈာပနကို နောက်တစ်နေ့ စက်တင်ဘာ ၂၆ ရက်၌ သဂြိုဟ်စဉ် ဗိုလ်ချုပ်နေ၀င်းတို့၊ သခင်သန်းထွန်းတို့ သခင်မြတို့က လိုက်ပါပို့ဆောင်ကြပါသည်။

(လေး)
၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို သန္ဓေတည်ပေးလိုက်သည့် ရေနံမြေအလုပ်သမားတို့၏ သပိတ်ခေါင်းဆောင် သခင်ဖိုးလှကြီးကို ချောက်သူ၊ ချောက်သားတို့က အခုကြေးရုပ်သွန်းပြီး လွမ်းပစ်လိုက်ကြပါပြီ။

ရေနံမြေသပိတ်စတင်စဉ်က ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၃၀ ရက်သည် နတ်တော်လဆန်း ၉ ရက်ဖြစ်ရာ ထိုမြန်မာရက်ကိုပင်ယူသဖြင့် ယခု(၇၅)နှစ်ပြည့်က ဒီဇင်ဘာ ၁၁ ရက် ဖြစ်သွားရကြောင်း တက်ကြွလှုပ်ရှားသူ On Line ကဗျာဆရာဇာတိဖွားက ကျွန်တော့်ကို ရှင်းပြလိုက်ပါသေးသည်။

သြော် . . . ကားက ဧရာဝတီတံတားကိုဖြတ်ဆဲ။ မြစ်က မြို့ကိုပတ်ကာ သောင်ပြင်ကျယ်ကြီးတွေဆီမှာ အကျဉ်းအကျပ်ကျဆဲ။ ရေနံစင်ကြီးတွေက တစ်ပတ်ချင်း၊ တစ်ပတ်ချင်း တွဲ့တွဲ့လည်ပတ်ကာ မြို့ရဲ့ဘဏ္ဍာတိုက်ထဲက ရေနံကိုနှိုက်ယူလို့နေဆဲ။ သြော်. . .  ဟိုး(၇၅)နှစ်က မေးရိုးကားကား ရင်အုပ်ထွားထွားနှင့် ညိုမောင်းသည့် အသားအရေရှိသူ အလုပ်လုပ်သော ပြည်သူတို့ လက်သီးလက်မောင်းတန်းပြီး အာခံသည့်ခြေလှမ်းကို စတင်လှမ်းထွက်လိုက်ရာ သမိုင်းထဲက မြို့ကလေးပါကလား။


မောင်သာချို

7Day News
အမှတ်(၄၀)

No comments:

Post a Comment