Saturday, January 18, 2014

မူဆယ် ကြယ်ဂေါင် ရွှေလီ မန်စီ စိနရဋ္ဌခရီးသည်

Photo



(တစ်)
ယခုခေတ်က ခရီးသွားရလာရတာ တော်တော့ကို လွယ်ကူချောမွေ့လာသော ခေတ်ပဲဖြစ်ပါသည်။ ကိုယ့်ပြည်တွင်းမှာရှိသည့် မြို့များ ရွာများကို အသာထား၊ အိမ်နီးနားချင်းဒေသများသို့ပါ ဥဒဟိုသွားလာဝင်ထွက် ရောင်းဝယ်ဖောက်ကားခရီးကို ဆန့်ချင်သလောက်ဆန့်ထား၍ ရသည့်နေ့ရက်များဟုဆိုရမည့်ခေတ်ကြီး ဖြစ်ပါသည်။

ထိုင်းနိုင်ငံထဲကို မြ၀တီကနေကူးမလား၊ ဘုရားသုံးဆူကနေကူးမလား၊ တာချီလိတ်ကနေကူးမလား၊ မြန်မာငွေထောင်ဂဏန်းဝန်းကျင်ခန့်နှင့် ညီမျှသည့် ဘတ်ငွေလည်း ပေးဆောင်လိုက်ရုံမျှဖြင့် ကျွန်တော်တို့ ရောက်သွားနိုင်ကြပါသည်။



အိန္ဒိယနိုင်ငံကလည်း သည်အတိုင်းပဲဖြစ်ပါသည်။ ကလေးကတစ်ဆင့် တမူးသို့ရောက်သွားပြီးနောက် နန့်ဖာလုံဈေးအနီး ၀င်ပေါက်မှတစ်ဆင့် မည်သည့်ငွေကြေးမှ ပေးစရာမလိုဘဲ မဏိပူရပြည်နယ်ထဲသို့ ၀င်ရောက်သွားနိုင်ပါသည်။

စိနရဋ္ဌခေါ် ဂန္ဓာလရာဇ်ခေါ် တရုတ်ပြည်ကြီးကတဲ့ရော။ ဗန်းမော်ဘက်အပေါက်က ၀င်မလား။ လိုင်ဇာဘက်က ၀င်မလား၊ မူဆယ်ဘက်က ၀င်မလား။ ကြိုဆိုပါ၏ ဆိုသည့်နေ့ရက်များ။

ကျွန်တော် မူဆယ်ကတစ်ဆင့် တရုတ်ပြည်ထဲသို့ ၀င်ရောက်သွားခဲ့ဖူးပါသည်။ တရုတ်ပြည်နယ်စပ် ကြယ်ဂေါင်ဒေသရောက် မြန်မာလူငယ်တစ်စုက ဖိတ်ကြားလာသဖြင့် ကျောက်မဲ၊ လားရှိုး၊ မူဆယ်မြို့များ၌ ခရီးတစ်ထောက်စီနား၍နား၍ ဟောပြောပွဲများ ကျင်းပပေးသွားပြီးသည့်နောက် ကြယ်ဂေါင်သို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်ပါသည်။

မူဆယ်ဘက်က လူဝင်မှုကြီးကြပ်ရေးတွင် ဓာတ်ပုံအရိုက်ခံကာ ငွေတစ်ထောင်ပေးသွင်းလိုက်ရုံမျှနှင့် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ကို ရနိုင်ပါသည်။ လူအ၀င်အထွက်များလျှင် နည်းနည်းကလေးတန်းစီရပြီး မိနစ်ပိုင်းကလေးမျှနှင့် သွက်သွက်လက်လက် ဆောင်ရွက်ပေးသော လူဝင်မှုကြီးကြပ်ရေးကို ကျေးဇူးတင်ရပါသည်။ သို့ဖြင့် မလှမ်းမကမ်းရှိ နန်းတော်ဂိတ်ဟုခေါ်သော တရုတ်ပြည်နယ်စပ်ဝင်ပေါက်ကြီးရှိရာဆီသို့ လျှောက်သွားလိုက်သောအခါ တရုတ်အရာရှိများက ဆီးကြို၍နေပါသည်။ သူတို့ကို ယာယီနယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ပြ၊ ဓာတ်ပုံနှင့်လူနှင့် တိုက်ဆိုင်စစ်ဆေး၊ ပြီးလျှင် တံဆိပ်တုံးထု၊ အဲသည့်နောက်မှာတော့ တရုတ်ပြည်၏နယ်စပ်မြို့ ကြယ်ဂေါင်က ဆီးကြို၍နေပါလေသည်။

ချက်ချင်းလက်ငင်းဆိုသလို တိုက်တာအဆောက်အအုံတွေက ပြောင်းလဲသွား၊ လမ်းတွေက ပြောင်းလဲသွား၊ လူတွေက ပြောင်းလဲသွား။ သစ်လွင်၊ သပ်ရပ်၊ တောက်ပြောင်၊ သန့်ရှင်း၊ ခံ့ညား။ ကိုယ့်ဘက်ကမ်းနဲ့ အကွာကြီးကွာခြားသွားပါပေါ့လား။

သြော်.... ဂန္ဓာလရာဇ်။ သြော်... ရဋ္ဌ။ သြော်... စိန့်တိုင်း။

(နှစ်)
မူဆယ်၊ ကြယ်ဂေါင်၊ ရွှေလီ၊ မန်စီခရီးစဉ်တစ်လျှောက် အကြိုက်ဆုံးတွေကို လျှောက်ပြောစမ်းပါဟုဆိုလျှင် ကျွန်တော် ပထမဦးဆုံးကြိုက်တာက လမ်းတွေပဲဖြစ်ပါသည်။ လမ်းဘေးဝဲယာ၌ ရေနုတ်မြောင်းတွေကို ကျကျနနသပ်သပ်ရပ်ရပ် ခိုင်ခိုင်ခံ့ခံ့ လုပ်ပေးထားလေရာ မည်သည့်နေရာတွင်မှ ခုံးသောလမ်း၊ ခွက်သောလမ်း၊ ပေါက်သောလမ်း၊ ပဲ့သောလမ်း၊ ရွဲ့သောလမ်းဆိုတာကို ရှာလို့မတွေ့။ အုတ်ကျောက်များကို ပါကေးခင်းသကဲ့သို့ အကွက်ဖော်ပြီးခင်းထားသည့် လမ်းများကပင်လျှင် မိုင်သုံးလေးငါးဆယ်မောင်းသွားလို့မှ အပဲ့တစ်ချက်မတွေ့။

နောက်တစ်ခုကြိုက်တာက သစ်ပင်တွေ။ ကြယ်ဂေါင်မြို့ထဲမှာရော ကြယ်ဂေါင်ကအထွက် ရွှေလီ မန်စီ လမ်းတစ်လျှောက်မှာပါ သစ်ပင်တွေကို အမျိုးအစားတူ စီတန်းပြီး စိုက်ထားသည်ကို တွေ့နိုင်ပါသည်။ တစ်လမ်းက ခရေပင်တွေချည်း။ တစ်လမ်းက ညောင်ပင်တွေချည်း။ တစ်လမ်းက တမာပင်တွေချည်း။ တစ်လမ်းက ထနောင်းပင်တွေချည်း။ သစ်ပင်တိုင်းလိုလိုက ကျွန်တော်တို့နိုင်ငံတွင်းက အပင်တွေ။ တစ်ပင်ကို ဆယ်သိန်း၊ ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ် အစိတ်ပေးကာ အပင်လိုက်တူးယူပြီး ၀ယ်သွားသည့်အပင်များ။ သူတို့က အပင်များများ ကားပေါ်ကိုတင်လို့ရအောင် ကိုင်းတွေကိုခုတ်ကာ ယူဆောင်သွားကြခြင်းဖြစ်ပါသည်။ သစ်ပင်တစ်ပင် အပင်လားမြောက်လာဖို့ရာအတွက် အခုမှစစိုက်ပြီး နောက်နှစ် နှစ်ဆယ်၊ သုံးဆယ် စောင့်မနေနိုင်လို့ အပင်လိုက်တူးပြီး ၀ယ်တာပါတဲ့။ အထက်အညာက ကျွန်တော်တို့လူတွေကတော့ ရတနာသိုက်တူးမိသည့်လူလို စီးကရက်ကလေးခဲ၊ တရုတ်ဟန်းဆက်ကလေးခါးမှာတွဲလဲနှင့် တရုတ်ဆိုင်ကယ်ကလေးပေါ် ကိုယ်ကိုလွှဲ၍ပစ်တင်လိုက်ကာ ဖုန်လုံးကြီးတွေကြားထဲမှာ ဗြောင်းဆန်အောင်စီးလို့။

ကြယ်ဂေါင်ထဲမှာ အံ့သြစရာကောင်းသည်က နာမည်ကျော် မြန်မာ့ကျောက်စိမ်းဈေးကွက်ကြီးနှင့်အတူ အင်ကြင်းကျောက်တွေပဲ ဖြစ်ပါသည်။ မြန်မာနိုင်ငံထဲမှာ အင်ကြင်းကျောက်တော်တော်များများကို နွားထိုးကြီးဒေသတစ်ဝိုက်ကရပါသည်။ ဒေသခံတို့က အရိုးစင်းဆုံးနည်းလမ်းဖြင့် မြေကြီးကိုတူးဆွကာ အင်ကြင်းကျောက်ရှာဖွေခဲ့ကြခြင်းဖြစ်ပါသည်။ စစ်ကိုင်းတိုင်း မြောင်ဘက်ကိုရောက်စဉ်က ကျန်စစ်သားဇာတိဟုဆိုသော ပရိမ္မရွာတစ်ဝိုက်တွင်လည်း အံ့သြဖွယ်ရာ ဧရာမအင်ကြင်းကျောက်ကြီးများကို နဂါးသဏ္ဍာန်လုပ်၍ ပြထားသည်ကိုပင် တွေ့ခဲ့ဖူးပါသည်။

ကြယ်ဂေါင်ရှိ အင်ကြင်းကျောက်ဆိုင်ကြီးများကမူ အင်ကြင်းကျောက်ကို ခေတ်မီနည်းပညာဖြင့် ပြုပြင်မွမ်းမံ၍ ဈေးကွက်ထဲ ထည့်သွင်းထားခဲ့လေရာ အံ့သြစရာ အင်ကြင်းကျောက်အလှအပများပင် ဖြစ်ပါသည်။

(သုံး)
ကြယ်ဂေါင်မှသည် ရွှေလီသို့ အသွားလမ်းတစ်နေရာ၌ သဘာဝလိုဏ်ဂူကြီးတစ်ခုရှိရာသို့ လိုက်ပို့ကြရာ နတ်သမီးသုံးပါးဂူဟု ဒေသခံတစ်ယောက်ကဆိုပါသည်။ တကယ့်သဘာဝအတိုင်း မပြုမပြင်ဘဲထားသည့် ဂူဖြစ်ရာ ကျောက်ခက်ပန်းဆွဲများ၏အလှကို ရင်သပ်ရှုမောမြင်တွေ့ရသည့် ကျောက်ဂူကြီးပဲဖြစ်ပါသည်။ ကျောက်တောင်ကြီးတစ်ခု၏ နံရံမှတစ်ဆင့် ၀င်ရောက်သွားရသည့် ရှေးဟောင်းဂူကြီးဖြစ်ပြီး တရုတ်မြန်မာနှစ်ဘာသာဖြင့် ဧည့်လမ်းညွှန်နေသော အမျိုးသမီးကလေးတစ်ယောက်စ နှစ်ယောက်စတို့ကို သတိထားမိပါ၏။

မြန်မာ့မြေပေါ်မှာလည်း ဂူတွေ တော်တော်များများရှိပါသည်။ ပင်းတယနားက ပင်းတယဂူ၊ ရှမ်းကနေ လွိုင်ကော်အသွား လမ်းဘေးတစ်နေရာက မြင်းမထိဂူ၊ မေမြို့ကနေ လားရှိုးဘက်အထက်က ပိတ်ချင်းမြောင်ဂူ၊ တောင်ကြီးကနေ ဟိုပုံးဘက်အထွက်ကျော်ကျော်က ထမ့်ဆန်းဂူ စသည် စသည်။ တချို့ဂူတွေက သဘာဝတရားကို မျက်ကွယ်ပြုပြီး အလွန်အကျူး မွမ်းမံပြင်ဆင်ထားလေရာ မြန်မာခရီးသွားများပင်လျှင် နှာခေါင်းရှုံ့သူရှုံ့ကြလေရာ ကမ္ဘာလှည့်ခရီးသွားများအနေနှင့်မူ ဘယ်လောက်စိတ်ပျက်ကြမလဲဆိုသည်ကို မေးပင်မနေပါနှင့်တော့။

ကိုယ့်အိမ်နီးချင်းက ကိုယ့်သစ်ပင်ကိုဝယ်စိုက်၊ ကျောက်မျက်ရတနာကိုဝယ်ပြီး ပြုပြင်မွမ်းမံ၊ သဘာဝတောတောင်လျှိုမြောင်ဂူလိုဏ်တွေကအစ မူလအတိုင်း ထိန်းသိမ်းစောင့်ရှောက် စသည်ဖြင့် လုပ်ဆောင်နေပုံများကိုကြည့်ကာ ကျွန်တော့်စိတ်ထဲ ဘယ်ကစလို့ ဘာကိုနှမြောရမှန်းကို မသိနိုင်ပါလေတော့။           ။


မောင်သာချို

7Day News
အမှတ်(၄၄)

No comments:

Post a Comment