Friday, January 2, 2015

ရွှေတိဂုံ


လုံခြုံရေးယူနီဖောင်းနဲ့ပန်းရောင်းနေသူတွေအနောက်မှာ
မလုံခြုံတဲ့ ဘ၀တွေကို လှမ်းမြင်ရတယ် . . .
ခြေထောက်အောက်က ဖိနပ်ကို ခြင်းထဲထည့်ပေးပြီးမှ
နေရောင်ခံထားတဲ့မြေကြီးဟာ
ပူလောင်လှပါလားလို့ တရားရမိသူတွေထဲ
ကိုယ်တို့ မပါချင်ဘူး။
ဓာတ်လှေကားအ၀င်မှာ ဘယ်နှယောက်လို့ ရေးထားသလဲ
ဆံ့သလောက်တော့ တင်ပေးတာပါပဲ။
လူတွေ အရမ်းရှုပ်ပြီး
စိတ်တွေ အရမ်းရှင်းတဲ့ ငြိမ်းချမ်းသောအရိပ်။
ပျော်စရာမိသားစုကလေးတွေမြင်တိုင်း
အသားမာတွေနဲ့ လက်ဟာ
ဟမ်းချိန်းနဲ့ လက်ကလေးကိုတင်းတင်းဆုပ်မိတယ်
မျက်လုံးတွေနဲ့ပဲ စကားတွတ်ထိုးကြ . . .
ရှက်ရွံ့ကြည်နူးစွာငုံ့သွားတဲ့နဖူးကလေးဟာ
ကိုယ့်အကြည့်ကြောင့် ပွန်းပဲ့သွားမလား စိုးရိမ်စိတ်နဲ့ . .
ရင်ပြင်တော်ကျောက်ပြားတွေပေါ်
အကြည့်ကို ထိုးစိုက်ထားလိုက်မိပေါ့ ။
ရွှေရောင်ဝင်းမြသော
ဦးခိုက်မိရာ မြတ်ဘုရားရှေ့တော်မှောက်
တစ်ခုတည်းသော အလိုရှိရာကို
နှစ်ယောက်အတူတူဆုပန်လို့ . . .
ညွတ်တွားပူဇော်ရာက ပြန်အထ
'မြဲသောသစ္စာ'ဆိုတဲ့စကား ဖွဖွကလေးရေရွတ်မိကြတယ်
တစ်ယောက်အသံဟာ
တစ်ယောက်နားထဲမှာ
ဘယ်တော့မှ မထွက်တော့ ။


ဟိန်း

၂.၁.၁၄

No comments:

Post a Comment